
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို လာမဲ့ နိုဝင်ဘာမှာ ကျင်းပမဲ့ အမေရိကန် သက်တမ်းလယ် လွှတ်တော် ရွေးကောက်ပွဲ ပြီးတာနဲ့ ချက်ချင်း အဆုံးသတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၉ ရက်မှာ ခန့်မှန်းပြောကြားလိုက်ပါတယ်။
အီရန်ဘက်က ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေပေမဲ့ အမေရိကန်ရဲ့ စီးပွားရေးဖိအားနဲ့ စစ်ရေးအရ အထိနာနေတာတွေကြောင့် ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ဒါလတ်စ် မြို့မှာ ကျင်းပမဲ့ ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံကို မထွက်ခွာခင်မှာ သတင်းထောက်တွေကို ပြောသွားတာပါ။
ထရမ့်ပ်ရဲ့ အီရန်နဲ့ စစ်ပွဲဟာ အခုဆို ၇ လထဲ ဝင်လာခဲ့ပြီဖြစ်ပြီး ချက်ချင်း အဆုံးသတ်မဲ့ အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။
အမေရိကန်တပ်တွေဟာ ဟော်မုဇ်ရေလက်ကြား အပါအဝင် အရေးပါတဲ့ နေရာတွေကို ထိန်းချုပ် ထားပြီး အီရန်ရဲ့ စစ်သင်္ဘောနဲ့ ရေနံတင်သင်္ဘော စုစုပေါင်း ၉ စီးကို ဖျက်ဆီးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ အီရန်ဘက်ကလည်း သူတို့ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ဟော်မုဇ် ရေလက်ကြား အနီးမှာ သင်္ဘော ၁၀ စီးကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ပြန်လည်ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် Brent ရေနံစိမ်း စံချိန်တင်ဈေးနှုန်းဟာ ဇူလိုင်လ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။
လက်ရှိမှာ အီရန်နိုင်ငံဟာ ငွေကြေးဖောင်းပွမှု ၃၀၀ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ငွေကြေးတန်ဖိုး လုံးဝမရှိတော့ဘဲ စစ်သားတွေကိုတောင် လစာမပေးနိုင်တော့ဘဲ အတော်လေး ပျက်စီးယိုယွင်း နေပြီလို့ ထရမ့်ပ်က ဆိုပါတယ်။
သံတမန်ရေးအရ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာနိုင်ပေမဲ့ ဒါဟာ အမေရိကန်ဘက်က မျှော်လင့် စောင့်စားနေတဲ့ အရာမဟုတ်ဘဲ အရင်လို နျူကလီးယား သဘောတူညီချက်မျိုးတင် မဟုတ်ဘဲ လွန်ခဲ့တဲ့ ၃ လက မပါခဲ့တဲ့ စည်းကမ်းချက်တွေပါ ပါဝင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်မျိုးကိုသာ ဆောင်ရွက်သွားမှာဖြစ်ပြီး အဓိကကတော့ အီရန် နျူကလီးယား လက်နက် မရရှိရေးဘဲ ဖြစ်ပါတယ်။
စစ်ပွဲပြီးသွားရင် ရွေးကောက်ပွဲ အပြီးမှာပဲ ရေနံဈေးတွေ ပြန်ကျသွားမှာဖြစ်ပြီး ဓာတ်ဆီဈေးကို တဂါလန် ၂ ဒေါ်လာအောက်အထိ လျှော့ချဖို့ ပန်းတိုင်ထားထားပေမဲ့ ရေနံနဲ့ ဓာတ်ဆီဈေး ပြန်ကျဖို့ ကတော့ ရွေးကောက်ပွဲထက် ပိုကြာနိုင်သေးတယ်လို့ ထရမ့်ပ်က ဝန်ခံခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် မဲဆန္ဒရှင်တွေ စိတ်ပျက်နေကြတာနဲ့ ကုန်ဈေးနှုန်း ကြီးမားတဲ့ ပြဿနာတွေ ကြောင့် ထရမ့်ပ်ရဲ့ ထောက်ခံမှုနှုန်းဟာ အနိမ့်ဆုံးစံချိန်ကို ထိသွားခဲ့ပါတယ်။
ဒီနှစ် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမဲ့ သက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲဟာ အမေရိကန် သမ္မတရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့ ရွေးကောက်ပွဲတခုအနေနဲ့ ဖြစ်လေ့ရှိပါတယ်။
Source: Reuters











