
ချင်းပြည်နယ် မင်းတပ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ဘက်က အနည်းဆုံး ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဧပြီ ၂၄ ရက်က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းပြီး ပြည်သူ ၆ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ရာကနေ ရဲတွေက မြို့ထဲကို ပတ်ပြီး ပစ်ခတ်ခဲ့ရာက နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီနေ့က ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေပြီး ၁ ယောက်ကို ဆေးရုံပို့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း မြို့ထဲကိုပတ်နေတဲ့ စစ်ကောင်စီတပ်တွေကို မြို့ပြင် ဂေါက်ကွင်းဘက် မျှားခေါ်သွားပြီး ပစ်ခတ်ကြရာကနေ ရဲတယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီအာဘော် သတင်းစာမှာတော့ လုံခြုံရေးယာဉ်တန်းကို တူမီးတွေ၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်လို့ စစ်ကောင်စီဘက်က တယောက်သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
ဒီနေ့မှာတော့ အကြမ်းဖက်တပ်ဖွဲ့တွေရဲ့ စစ်ယာဉ်တန်း ၁၀ စီးလောက် မင်းတပ်မြို့ကို မောင်းနှင်လာလို့ မင်းတပ်မြို့ပြည်သူတွေက ယောနယ်စပ်မှာဆီးကြိုတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူဘက်က တယောက်ကျဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်တိုင်းလိုလို တူမီးသေနတ်ကိုင်ဆောင်လေ့ရှိတဲ့ ချင်းပြည်နယ်မှာ ဓားပလိုင်းအပါအဝင် လက်နက်တွေနဲ့ အပြင်မထွက်ဖို့ အာဏာသိမ်းစစ်ကောင်စီက တားမြစ်ထားပါတယ်။
ဒါပေမဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ချင်းရိုးရာထုံးစံအတိုင်း တုံ့ပြန်သွားမယ်လို့ ချင်းပြည်နယ် မြို့နယ်တချို့မှာ ဒေသခံတွေက ကြေညာထားပါတယ်။