
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကွက္ကရာပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကွက္ကရာပင်ကို သိပ္ပံလို Anacyclus pyrethrum လို့ခေါ်ပြီး အင်္ဂလိပ်လို Pellitory, Mount Atlas, Daisy Spanish Chamomile လို့ ခေါ်ကြပါတယ်။
ကွက္ကရာပင်မှာ anacycline ၊ isobutylamide ၊ insulin ၊ Eneteriyne alcohol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာကြေစေခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ ဆီးချိုရောဂါ ဆန့်ကျင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ နှလုံးလှုပ်ရှားမှုကို လှုံ့ဆော်ပေးခြင်း၊ ဘက်တီးရီးယားနဲ့ မှိုပိုးမျိုးစိတ် အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ဖျားနာခြင်းကို သက်သာစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ လိင်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ အနာကျက်စေခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကွက္ကရာပင်ရဲ့ အမြစ်၊ အရွက်၊ အပွင့်တို့ကို သုံးစွဲကြပါတယ်။ သွားနာခြင်း၊ သွားဖုံးရောင်ခြင်းများမှာ အမြစ်မှုန့်/ပန်းပွင့်မှုန့် တို့ကို သိပ်ပေးခြင်းဖြင့် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း သက်သာစေပြီး ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတို့ကိုလည်း လျော့ပါးစေပါတယ်။
ဆီးမသွားနိုင်ခြင်းအတွက် အမြစ်မှုန့် ကော်ဖီ ၂ ဇွန်းကို ထောပတ် ကော်ဖီ ၁ ဇွန်းနဲ့ ရောနယ်ပြီး မိနစ် ၃၀ ခြားကာ ၂ ကြိမ် လျှာဖြင့် လျက်စားပေးခြင်းဖြင့် တနာရီအတွင်း ဆီးသွားစေနိုင်ပါတယ်။
ဆီးချိုရောဂါအတွက် တပင်လုံးကို အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီ ၁ ဇွန်းကို သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အာသီးရောင်ရမ်းခြင်းနဲ့ လည်ချောင်းနာခြင်းတွေအတွက် ပန်းပွင့်/အမြစ်မှုန့် ပြုတ်ရည်ကို ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ သွားဖုံးရောင်ခြင်း၊ ပါးစပ်တွင်း အနာဖြစ်ခြင်း၊ သွားပိုးစားခြင်းနဲ့ သွားကိုက်ခြင်းတို့အတွက်လည်း ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုပါတယ်။ နှာခေါင်းတွင်း ရောင်ရမ်းခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်းတို့မှာ အပင်အမြစ် လတ်လတ်ဆတ်ဆတ် သတ္တုရည်ကို နှာခေါင်းတွင်းသို့ ၂-၃ စက် ဆေးစက်ချဆေးအဖြစ် တနေ့ ၁-၂ ကြိမ် အသုံးပြုနိုင်ပါတယ်။
အမြစ်ကို မုန်ညှင်းဆီ၊ နှမ်းဆီနဲ့ ချက်ပြီး အဆစ်အမြစ်ရောင်ရမ်းနာကျင် ကိုက်ခဲခြင်းနဲ့ ကိုယ်ခန္ဓာ ရောင်ရမ်းခြင်းများမှာ လိမ်းပေးနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ဝေဒနာတွေနဲ့ လေငန်းရောဂါတွေ အတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြုပါတယ်။
နှလုံးခုန်နှုန်း နှေးကွေးခြင်းအတွက် အပင် ရေမှာ ၁ ည စိမ်ပြီး တခေါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
အာရုံကြော အားနည်းခြင်းကြောင့် ခန္ဓာကိုယ် အားအင်ချို့တဲ့မှု အခြေအနေတွေမှာ အမြစ်ကို ရေမှာ ၁ ည စိမ်ပြီး တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ပန်းပွင့်အနှစ် ကော်ဖီ ၂ ဇွန်း၊ အမြစ်မှုန့် ဇွန်းကို နို့ ၁ ခွက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးခြင်းဖြင့် လိင်စိတ်ကို လှုံ့ဆော်ပေးခြင်း၊ သုက်လွှတ်ခြင်းကို ကြာရှည်စေခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ စိတ်ဆန္ဒကို မြှင့်တင်ပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။
အမြစ်မှုန့် ကော်ဖီ ၂ ဇွန်းကို အုန်းဆီ ၁၀ ကျပ်သားနဲ့ ရောမွှေကာ နေရောင်ခြည်မှာ ၁ ပတ်ခန့် လှန်းထားပြီးနောက် စစ်ထုတ်ပြီး သိမ်းထားပါ။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ လိင်တံ မထောင်မတ်နိုင်ခြင်း ပြဿနာတွေအတွက် ဆီကို လိင်အင်္ဂါမှာ ၁၅ ရက်မှ ၂၀ ရက်အထိ လိမ်းပေးနိုင်ပါတယ်။
ပြည်တည်နာ၊ သွေးစုနာတွေမှာ အမြစ်ကို ထုထောင်းပြီး လိမ်းပေးနိုင်ပါတယ်။ အရွက်သတ္တုရည်ကို ထိခိုက်ရှနာတွေမှာ လိမ်းပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။
ကွက္ကရာပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ရင်ပူခြင်း၊ အစာပြန်ဆန်တက်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ကိုယ်လက်တုန်ခါခြင်း၊ တံတွေးအလွန်အကျွံထွက်ခြင်း၊ အာရုံကြောတွေကို အလွန်အမင်း လှုံ့ဆော်ခံရခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ ကွက္ကရာပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ကွက္ကရာပင်နဲ့ ဓာတ်မတည့်သူတွေ ကွက္ကရာပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ကွက္ကရာပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











