DVB Logo
Home
နိုင်ငံရေး
အရေးတော်ပုံအောင်မြင်ပြီးသည့်အခါ (ဆောင်းပါး)
DVB
·
April 21, 2021
အရေးတော်ပုံအောင်မြင်ပြီးသည့်အခါ (ဆောင်းပါး)
Donate to DVB

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ပြီးတဲ့အခါ တဆက်တည်းသုတ်သင်ရမယ့်ကိစ္စတွေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာစိုးလို့ စာနဲ့ပေနဲ့ရေးမှတ်ထားလိုက်တယ်။

အရင်ဆုံးရှင်းရမယ့်သူတွေက ဒလန်တွေဖြစ်တယ်။ ရန်ကုန် ပုဇွန်တောင် ရေကျော်မှာ ဒလန်က သတင်းပေးလို့ ရေကျော်ဝတ်ကျောင်းလမ်းက လူငယ် ၃၀ လောက် အဖမ်းခံထားရတယ်။ ရေကျော်လမ်းထဲက တက်ကြွတဲ့ လူငယ်တဦးနေထိုင်တဲ့ တိုက်ခန်းကိုလည်း  ရဲက အငြိုးတကြီး ပစ်ခတ်နှိမ်နင်းခဲ့တယ်။

ရန်ကုန်မှာ ဒလန်သတင်းပေးလို့ ရဲက ဘယ်တိုက်ဘယ်အခန်းဆိုတာကို တိတိကျကျဝင်ဖမ်းခဲ့တဲ့အဖြစ်တွေအားလုံးဟာ ဒလန်တွေ သတင်းပေးလို့ ဖြစ်ပွားခဲ့တာချည်းပဲ။

အလားတူ သတင်းပေးဒလန်များ အမြို့မြို့အနယ်နယ်တိုင်းမှာ ရှိနေနိုင်တယ်။ စာရင်းတို့ထားပါ။

 အရေးတော်ပုံကြီးအောင်မြင်ပြီးတဲ့အခါ ဒလန် တွေကို လူမှုရေးပြစ်ဒဏ်ခတ်ရပါမယ်။  လိုအပ်ရင် ရပ်ကွက်ထဲက မောင်းထုတ်တဲ့အထိ လူမှုရေးပြစ်ဒဏ် ပေးရပါမယ်။ မေ့ပျောက်မထားနဲ့။ စာရင်းတို့ထားပါ။

နောက် လူတန်းစားတမျိုးက စစ်တပ်ထဲ သင်္ကြန်ကျခဲ့တဲ့ အနုပညာရှင်ဆိုသူတွေဖြစ်တယ်။ မြန်မာပြည်သူတရပ်လုံး အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ကြိမ်မီးအုံးသလို ပူဆွေးသောကရောက်နေရလို့ သင်္ကြန်ပွဲ မနွှဲကြဘူး။ အတာအိုးသပိတ် မုန့်လုံးရေပေါ်သပိတ် စတဲ့ သင်္ကြန်သင်္ကတတွေသုံးပြီး တော်လှန်သင်္ကြန်ပွဲ လုပ်ခဲ့ကြတယ်။

ဒီလိုအချိန်မှာ အနုပညာရှင်တစုဟာ မန္တလေး နန်းတွင်းထဲသွားပြီး သီဆိုကခုန်ပျော်ပါးခဲ့ကြတယ်။

စဉ်းစားဉာဏ်မရှိတဲ့ ဦးနှောက်တွေ စာနာခြင်း ကင်းတဲ့ နှလုံးသားတွေနဲ့ အဲ့ဒီငမိုက်သားတသိုက်ကို စာစီလို့ တို့ထားပါ။

ဒီစာရေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို နန်းတွင်းထဲသွားဆိုခဲ့သူ တစ်ယောက်ရဲ့ကား လမ်းပေါ်ရပ်ထားတုန်း မီးလောင်သွားတယ်။ တလောကလည်း စစ်တပ်ကို သွားသွားလှူ နေတဲ့ မော်ဒယ်တယောက် ရပ်ကွက်က မောင်းထုတ်လို့ ညတွင်းချင်းထွက်ပြေးရတယ်။

လူမှုရေးပြစ်ဒဏ်ပေးတယ်ဆိုတာ  ဒီလိုတွေလုပ်ပစ်ရမှာဖြစ်ပြီး ပရိသတ် မရှိရင် ဘယ်အနုပညာရှင်မှ မရပ်တည်နိုင်ဘူး။ ပြည်သူလူထုကလည်းသိတယ်။ တနေ့က ထားဝယ်က မိုးထဲလေထဲ လုပ်သွားတဲ့ ဆန္ဒပြချီတက်ပွဲမှာ အော်သွားတယ်။  သတင်းပေးတဲ့ဒလန်တွေ သေချင်းဆိုးနဲ့ သေပါစေ တဲ့။

နောက်တခါ လက်တို့ထားရမယ့်လူတန်းစားကတော့ စစ်တပ်ကခန့်တဲ့ အုပ်ကြီးလုပ်ချင်သူတွေ ပဲဖြစ်တယ်။ ရပ်ကျေးရုံးလေးဖွင့်ပြီး ရုံးထိုင်ဖို့ တပြင်ပြင်လုပ်နေသူတွေ အပြင်မှာ တကယ်ရှိတယ်။ အားရဖို့ကောင်းတာက လူထုရဲ့နိုင်ငံရေးရေချိန်က ကျေးလက်အထိ ရောက်နေတယ်။

စစ်အာဏာရှင်ကိုတော်လှန်ရာမှာ နာမည်ကြီးတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ဘက်က ရွာတရွာမှာ စစ်တပ်ကခန့်တဲ့ အုပ်ကြီးအိမ်ရှေ့သွားပြီး  ဆန္ဒပြကြတာ အဲ့ဒီလူဆိုင်ကယ်နဲ့ ထွက်ပြေးရတယ်။

ဗီဒီယိုဖိုင်ထဲ ကြည့်ရသလောက် ရွာသားတွေဟာ နွမ်းပါးပုံရပေမယ့်စိတ်ဓာတ်က တောက်ပတယ် ။ ရဲရင့်ကြတယ်။ ခေတ်ပျက်ထဲ အုပ်ကြီးလုပ်ချင်သူတွေလည်း မှတ်ထားပါ။ တချိန်မှာ လူမှုရေးပြစ်ဒဏ်ပေးကိုပေးရပါမယ်။ ခွင့်လွှတ်လို့ မရပါဘူး။

CDM မလုပ်ရဲရုံတင်မဟုတ်  CDM လုပ်နေသူဝန်ထမ်းတွေရဲ့ စာရင်းပေးတဲ့ သစ္စာဖောက်စာရင်းလည်း မှတ်ထားရမယ့်သူတွေအထဲ  ပါတယ်။

တချို့ CDM ဝန်ထမ်းတွေမှာ ကြုံတွေ့နေရတဲ့ပြဿနာကချေးငွေပါ။ Aeon ဆီက ငွေချေးထားမိပြီး လစဉ်ပြန်ဆပ်နိုင်ဖို့က လစာပုံမှန်ရမှဖြစ်မယ်။ ဒါကြောင့် CDM လုပ်ချင်ပေမယ့် ရုံးပြန်တက်မှဖြစ်မယ်။

ပုဂ္ဂလိကဘဏ်တခုက ဝန်ထမ်းတယောက် ဘီဘီစီရေဒီယိုမှာ ရင်ဖွင့်သွားတာဖြစ်တယ်။မ မီးရထားဝန်ထမ်းတွေ လိုင်းခန်းက အဖယ်ခံရတုန်းက အခန်းရှာပေးခဲ့သလိုမျိုး ကူညီနိုင်ကြဦးမလား။

ဒီပြဿနာအားလုံးရဲ့လက်သည်တရားခံဖြစ်တဲ့ အာဏာရူးအကြမ်းဖက် စစ်တပ်နဲ့ ခိုင်းဖတ် ရဲတပ်ဖွဲ့ကိုတော့  အမြစ်က လှန်ပစ်ရမှာပါ။

အရေးတော်ပုံအောင်မြင်ပြီးရင် အပြစ်ပေးရမယ့်လူတန်းစားတွေကို မှတ်ထားကြပါ။ မေ့မေ့ပျောက်ပျောက် နေလိုက်မိရင် အာဏာရှင်စနစ်ပြန်ခေါင်းထောင်လာမယ်။

ဒီတပွဲက သူသေကိုယ်သေ အပြီးအပြတ်တိုက်ရမယ့်ပွဲပါ။

တောင့်ထား အားတင်းထားပါ။

အရေးတော်ပုံ အောင်ရမည်။

သစ်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013