DVB Logo
Home
နိုင်ငံရေး
ဘာကြောင့် စစ်ကောင်စီကို တရုတ်က ရပ်ခံကာကွယ်နေတာလဲ (ဆောင်းပါး)
DVB
·
April 20, 2021
ဘာကြောင့် စစ်ကောင်စီကို တရုတ်က ရပ်ခံကာကွယ်နေတာလဲ (ဆောင်းပါး)
Donate to DVB

ဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ အာဏာသိမ်းမှုကို အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူ  ၇၃၀ ကျော် လောက် အာဏာသိမ်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ၃၀၀၀ ကျော်ဖမ်းဆီးထောင်ချခံနေရပါတယ်။

ဒီလိုအာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ရိုင်းပြစွာ ဖိနှိပ်သတ်ဖြတ်နေမှုကို ကမ္ဘာကြီးက ဝိုင်းဝန်းကန့်ကွက်နေကြပေမယ့် တားဆီးပိတ်ပင်နိုင်စွမ်း မရှိခဲ့ကြပါဘူး။ ဒီလိုဆိုးဝါးလှတဲ့ မြန်မာနိုင်ငံမှာ တရားမဲ့သတ်ဖြတ်ဖမ်းဆီးမှုပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၃ ကြိမ်တိုင် တံခါးပိတ်ဆွေးနွေးခဲ့ပေမယ့် ထိရောက်စွာ တားဆီးနိုင်တဲ့ဆုံးဖြတ်ချက် တစုံတရာ မချမှတ်နိုင်ခဲ့ကြပါဘူး။

အဓိကအားဖြင့် ဗီတိုအာဏာသုံးစွဲကန့်ကွက်နိုင်တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ ပယ်ချနေမှုကြောင့်ဖြစ်ပါတယ်။ တပြည်လုံးကို အင်အားသုံးပြီး တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပစ်လိုက်တဲ့ အနေအထားကို တရုတ်ရဲ့ကန့်ကွက်မှုကြောင့် “စစ်အာဏာသိမ်းမှု” လို့တောင် လုံခြုံရေးကောင်စီက မသုံးစွဲရဲခဲ့ပါဘူး။

တရုတ်ရဲ့သဘောထားက မြန်မာပြည်မှာ စစ်ကောင်စီရဲ့ အာဏာလွှဲပြောင်းရယူမှုဟာ ပြည်တွင်းရေးပြဿနာဖြစ်လို့ ဘယ်ပြင်ပနိုင်ငံတွေကမှ ဝင်ရောက်စွက်ဖက်စရာမလိုဘူး။ ပြည်တွင်းမှရှိတဲ့ စစ်ကောင်စီနဲ့ NLD ပါတီု့အချင်းချင်းပဲ ညှိနှိုင်း ဆွေးနွေးဖြေရှင်းကြဖို့ လိုအပ်တယ်။ တရုတ်ပြည်အနေနဲ့ စစ်ကောင်စီနဲ့ရော NLD ပါတီနဲ့ပါ  ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေလို့ ဘယ်ဘက်ကမှ မပါဘူး။ ကြားဝင်စွက်ဖက်မှုမပြုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားကြဖို့ပဲ လိုပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို လေးစားလိုက်နာရမယ်လို့ သဘောထားတင်ပြခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ကပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့အားဖြင့် စစ်ကောင်စီကချိုးဖောက်ခဲ့ပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ မညီညွတ်ဘဲ စစ်အင်အားသုံး၊ တပြည်လုံးကို အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်ပြီး စစ်အင်အားနဲ့ အချုပ်အခြာအာဏာကို လုယက်သိမ်းပိုက်တာဖြစ်ပါတယ်။ ဒီလိုမတရားအာဏာ သိမ်းပိုက်မှုကိုကန့်ကွက်ဆန့်ကျင်တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို တရားလက်လွတ် လမ်းပေါ်မှာ အိမ်ထဲမှာ ကလေးလူကြီးမကျန် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် နှိမ်နင်းနေကြခြင်းဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို စစ်ဆင်လုယက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို တရုတ်က ဘာကြောင့် အခုလို သဲကြီးမဲကြီး ခုခံကာကွယ်ပေးနေရပါသလဲ။

အိန္ဒိယသမုဒ္ဒရာမှာ ထွက်ပေါက်ရှာနေတဲ့ တရုတ်အတွက် မဟာဗျူဟာကျတဲ့ မြန်မာပြည်ကို စိုးမိုးခြယ်လှယ်ခွင့်ရရေးဟာ သူ့ရဲ့လမ်းကြောင်းတကြောင်း၊ ရပ်ဝန်းတခု (OBOR) ကမ္ဘာလုံးဖြန့်ကြက်စိုးမိုးရေးစီမံကိန်းကြီးအတွက် အလွန်အခရာကျပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ တက်လာတဲ့အစိုးရမှန်သမျှကို ခါးပိုက်ထဲထည့်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်နဲ့ လည်ပင်းဖက် ပေါင်းသင်းခဲ့သလို၊ အရပ်သားတပိုင်း NLD အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရထက်စာရင် စစ်အစိုးရတွေနဲ့ပူ ပူးပေါင်းဆောင်ရွက်ရတာ တရုတ်အတွက် လိုတရ မဟာသြဿဓဆေး ကိုမှီဝဲရသလိုပါပဲ။ မြန်မာပြည်ကလိုချင်တာမှန်သမျှ ရနိုင်ပါတယ်။ မိန်းမတောင် ဖဲပေါင်ရိုက်တဲ့ စစ်အစိုးရတွေကလည်း တရုတ်ကိုလာပါ၊ လာပါ၊ ပေါက်ဖော်ကြီးရဲ့ဆိုပြီး ခြင်ထောင်လှန်ဖိတ်ခေါ်နေတာပါ။

ဒီလိုအခြေအနေတွေအောက်မှာ ဧရာဝတီကို ရောင်းစားတဲ့ မြစ်ဆုံစီမံကိန်းကြီး ပေါ်ပေါက်ခဲ့ရတာပါ။ မြစ်ဆုံစီမံကိန်းကို စစ်အစိုးရတွေ လက်ထက်မှာ တရုတ်ကို ရောင်းစားခဲ့တာပါ။ ဘယ်လောက်ပေါပေါပဲပဲနဲ့ ထိုးရောင်းခဲ့သလဲဆိုတာကို  အမျိုးသားသင့်မြတ်ရေး NLD အစိုးရတောင် ပြည်သူလူထုကို ချမပြရဲခဲ့ပါဘူး။

NLD အစိုးရကလည်း တရုတ်နဲ့  OBOR စီမံကိန်း စာချုပ်တွေချုပ်ဆိုခဲ့ရပါတယ်။ ဒါပေမဲ့ NLD အစိုးရရဲ့ စီမံကိန်းအကောင်အထည်ဖော်မှုတွေ  နှေးကွေးလေးလံလွန်းလို့ တရုတ်အစိုးရ အတော်စိတ်ပျက် ငြီးငြူခဲ့ရပါတယ်။ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို NLD အစိုးရက ၁ ဒသမ ၅ ဘီလီယံသာလုပ်မယ်ဆိုပြီး လျှော့ချဖြတ်တောက်လိုက်ချိန်မှာတော့ တရုတ်အစိုးရ ဒေါသယမ်းအိုးကြီး ပေါက်ကွဲသွားခဲ့ရပါပြီ။

ပညာရှင်တချို့ရဲ့ကောက်ချက်ကတော့ အဲ့ဒီအချိန်မှာ တရုတ်က ဆွန်ကော့ရှန်ဟာ AA ကို ရခိုင်ဘက်ကြိုးဖြေလွှတ်ပေးလိုက်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒီလိုအခြေအနေနဲ့ အတွေ့အကြုံ အရပ်ရပ်အောက်မှာ တရုတ်က စစ်ကောင်စီဘက်က ရပ်ခံကာကွယ်ပေးနေတာ မဆန်းပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသိအမှတ်ပြုပြီး ဆွေးနွေးညှိနှိုင်းဖြေ ရှင်းရေး၊ တရုတ်ရဲ့လမ်းကြောင်းဟာလည်း ဘယ်တော့မှ ဖြစ်မြောက်လာဖွယ်မရှိပါဘူး။

ပြည်သူသန်း ၅၀ ကျော်ရဲ့ တိုက်ပွဲဝင်မျှော်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် မြေမြုပ်သင်္ဂြိုဟ်ရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးသာ ဖြစ်ပါတယ်။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013