DVB Logo
Home
Lead Story
အထွေထွေညီလာခံမှာ ဘယ်သူ ဗိုလ်ဝင်ခံမှာလဲ
DVB
·
September 11, 2021
အထွေထွေညီလာခံမှာ ဘယ်သူ ဗိုလ်ဝင်ခံမှာလဲ
Donate to DVB

၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို စက်တင်ဘာ ၁၄ ရက်နေ့မှာ လတ်တလော ညီလာခံဥက္ကဋ္ဌ  မော်လဒိုက် နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဒီညီလာခံကြီးကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ကြီးမှာ ပါဝင်တက်ရောက်ကြလိမ့်မယ်။ အခုတကြိမ်ကျင်းပမယ့်  ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် NUG အစိုးရ ကိုယ်စားလှယ်ကို ရွေးချယ်မှာလား စစ်ကောင်စီကိုယ်စားလှယ်ကို ရွေးချယ်မှာလား ဆုံးဖြတ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။

လတ်တလော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက CDM လှုပ်ရှားမှုထဲ ပါဝင်ပြီး NUG အစိုးရအဖွဲ့ရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဦးကျော်မိုးထွန်းကို ရာထူးက ဖယ်ရှားပြီး စစ်ကောင်စီကိုယ်စားလှယ်သစ်တဦးနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂက စစ်ကောင်စီရဲ့ အဆိုပြုချက်ကို လက်မခံဘဲ ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်အဖြစ် ဆက်လက်အသိအမှတ်ပြု လက်ခံထားခဲ့ပါတယ်။ ဒါကို မကျေနပ် လက်မခံနိုင်တဲ့ စစ်ကောင်စီက ဒီတကြိမ်ကျင်းပမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖြုတ်ချဖယ်ရှားပြီး စစ်ကောင်စီအလိုကျ ခိုင်းရာလုပ်မယ့် ကိုယ်စားလှယ်သစ်တဦး အစားထိုးခန့်အပ်ဖို့ အသည်းအသန်ကြိုးစားနေပါတယ်။ ပွဲကတော့ ကြည့်လှဦးမှာပါပဲ။

တိုင်းပြည်တပြည်ချင်းရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ကို သက်ဆိုင်ရာတိုင်းပြည်ရဲ့ အကြီးအကဲ (Head of State) သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးက ညီလာခံဥက္ကဋ္ဌထံ လက်မှတ်ရေးထိုး တင်သွင်းရပါတယ်။ ညီလာခံဥက္ကဋ္ဌက  ကိုယ်စားလှယ်စိစစ်ရွေးချယ်ရေးကော်မတီ (Credential Committee) ကို အတည်ပြုပေးဖို့ လွှဲပြောင်းအပ်နှံပေးရပါတယ်။ ကိုယ်စားလှယ် စိစစ်ရွေးချယ်ရေးကော်မတီမှာ အဖွဲ့ဝင် ၉ ဦးပါဝင်ပါတယ်။ အမြဲတမ်းကော်မတီဝင်အဖြစ် အမေရိကန်၊ ရုရှားနဲ့ တရုတ် ကိုယ်စားလှယ် တဦးစီပါဝင်ပြီး ကျန် ၆ ဦးကိုတော့ ဒေသအလိုက် ရွေးချယ်ပါဝင်စေပါတယ်။ ယေဘုယျအားဖြင့် မြောက်အမေရိက၊ လက်တင်အမေရိက၊ ဥရောပ၊ အာဖရိကမှ ကိုယ်စားလှယ် တဦးစီပါဝင်လေ့ရှိပြီး အာရှတိုက်ကတော့ ၂ ဦးပါဝင်တတ်ကြပါတယ်။

ညီလာခံဥက္ကဋ္ဌက ဒီဒေသတွေက နိုင်ငံရေးတည်ငြိမ်မှုရှိပြီး တရားမျှတ ဘက်မလိုက်တဲ့ နိုင်ငံကိုယ်စားလှယ်တွေကို ရွေးချယ် တာဝန်ပေးလေ့ရှိပါတယ်။ ကော်မတီဝင်တွေထဲမှာ Veto အာဏာသုံးစွဲခွင့်မရှိဘဲ အားလုံးတန်းတူညီမျှ မဲပေးရွေးချယ်ခွင့်ရကြပါတယ်။

ဒါပေမဲ့ ညီလာခံကိုယ်စားလှယ် ရွေးချယ်စိစစ်ရေးကော်မတီက တင်ပြအဆိုပြုခွင့်သာရှိပြီး အပြီးသတ်ဆုံးဖြတ်ချက်ချခွင့်မရှိပါဘူး။ ညီလာခံ ဥက္ကဋ္ဌက  နောက်တဆင့် ကော်မတီရဲ့ အဆိုပြုချက်ကို နိုင်ငံအားလုံးပါဝင်တဲ့ အထွေထွေညီလာခံကို တင်ပြ မဲခွဲဆုံးဖြတ်ကြဦးမှာ ဖြစ်ပါတယ်။

ဒီလိုဆုံးဖြတ်ရာမှာ နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်နယ်မြေစိုးမိုးမှု အတိုင်းအတာ၊ တရားမျှတ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရ၊ တရားဥပဒေစိုးမိုးမှု အနေအထား၊ ငြိမ်းချမ်းတည်ငြိမ်တဲ့ အစိုးရတရပ် ဖြစ်၊ မဖြစ် စတဲ့ စံထားချက်တွေနဲ့ အစိုးရတရပ်ကို အသိအမှတ်ပြုသင့်၊ မသင့် ဆုံးဖြတ်ကြလေ့ရှိပါတယ်။

ဒီစံချိန်စံညွှန်းတွေအရကြည့်ရင် NUG အနေနဲ့ တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြု ခံရနိုင်ခြေများပါတယ်။ NUG အစိုးရဆိုတာ ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တရားဝင်ခန့်ထားလိုက်တဲ့ အစိုးရဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာလည်း နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိတဲ့အနက် နိုင်ငံပေါင်း ၁၁၃ နိုင်ငံက NUG အစိုးရကို ထောက်ခံအသိအမှတ်ပြုခဲ့ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေခဲ့ကြပါတယ်။ တကမ္ဘာလုံးမှာ ကန့်ကွက်တဲ့ နိုင်ငံဆိုလို့ ဘဲလားရုစ် (Belarus) နိုင်ငံ တနိုင်ငံပဲ ရှိခဲ့ပါတယ်။ ဒီတခါ ညီလာခံမှာ မဲခွဲရင် တရုတ်နဲ့ သူ့နောက်လိုက် နိုင်ငံအချို့ပါ ထောက်ခံလာနိုင်တဲ့ အခြေအနေရှိပါတယ်။ မဲခွဲရင်နိုင်ဖို့ ပိုသေချာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနဲ့ ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်ဆိုတဲ့ အမေရိကန်နိုင်ငံရောက် မြန်မာလူငယ်နှစ်ယောက်ကို FBI က နယူးယောက်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။ ဒီလူငယ်တွေကို အေးမင်းဆိုတဲ့ ထိုင်းနိုင်ငံရောက် လက်နက်ပွဲစားတဦးက ငွေပေးခိုင်းစေခဲ့ပါတယ်။ ဒီလက်နက်ပွဲစားဟာ ဦးသန်းရွှေမိသားစုနဲ့လည်း အဆက်အစပ်ရှိတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ကြံမှုမျိုးက စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့တဲ့ သမိုင်းရှိပါတယ်။ NCGUB ဝန်ကြီး ဦးဝင်းကိုနဲ့ KNU အတွင်းရေးမှူး ဖဒိုမန်းရှာတို့ လုပ်ကြံသတ်ဖြတ်ရေးကို ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးက စီစဉ်ခဲ့သလို ရှေ့နေဦးကိုနီကို သတ်ဖြတ်ဖို့လည်း စစ်ကောင်စီအသိုင်းအဝိုင်းက အစီအစဉ်ချ ကြံစည်ခဲ့ကြတာပါ။

ဒီလိုရက်စက်ယုတ်မာမှုတွေကို စကစ လုပ်ခဲ့တာ၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၀၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ မြန်မာသိ၊ ကမ္ဘာသိဖြစ်နေပါပြီ။ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုလိုလားတဲ့ ကမ္ဘာကြီးက NUG ကို တရားဝင် မြန်မာအစိုးရအဖြစ်လည်းကောင်း၊ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း မြန်မာသံအမတ်အဖြစ်လည်းကောင်း အသိအမှတ်ပြု နေရာပေးမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013