DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖမ်းဆီးခံရသည့် ကိုဝေမိုးနိုင်ကို ဆေးကုသခွင့်ပေးရန်နှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
April 15, 2021
အကြမ်းဖက်ဖမ်းဆီးခံရသည့် ကိုဝေမိုးနိုင်ကို ဆေးကုသခွင့်ပေးရန်နှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

မုံရွာမြို့က လူငယ်သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အကြမ်းဖက်ဖမ်းဆီးခံရတဲ့အပေါ် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ သံရုံးတွေက သဘောထား ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီလို မတရားအကြမ်းဖက် ဖမ်းဆီးတာကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံရသူတွေအပေါ် လူ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာဆက်ဆံဖို့၊ ထိခိုက်ဒဏ်ရာရရှိမှုအတွက် ဆေးကုသခွင့်ပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။

စစ်အာဏာသိမ်းကာလကတည်းက တစိုက်မတ်မတ်ချီတက်ခဲ့ကြတဲ့ မုံရွာပင်မသ ပိတ်စစ်ကြောင်းဟာ ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာ ၆၈ ရက်မြောက်နေ့အဖြစ် ဆိုင်ကယ်တွေနဲ့ ချီတက်ခဲ့ကြချိန် ‌နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက သာစည်လမ်းမပေါ်မှာ အိမ်စီးကားတွေအသုံးပြု အကြမ်းဖက်ဖြိုခွင်းခဲ့ကြတာပါ။

ဒီဖြိုခွင်းခံရမှုမှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက အိမ်စီးကားနဲ့ ဝင်တိုက်ခဲ့ပြီး အရပ်ဝတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအနေနဲ့လည်း “တစ်ဗိုလ်ကျ တစ်ဗိုလ် တက်” ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်စွဲပြီး စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်သံရုံးကလည်း ဧပြီ ၁၅ ရက်က မုံရွာမြို့မှာ ဝေမိုးနိုင်နဲ့ အခြားဆန္ဒပြသူတစ်ဦးတို့ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့ ဝင်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဟာ စစ်အာဏာရှင်အဖွဲ့အပေါ် မြန်မာပြည်သူများ အားပေးထောက်ခံခြင်းမရှိသည့် အကြောင်းအရင်းကို ယခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်မျိုးက ဆက်လက်သက်သေထူလျက်ရှိကြောင်း၊ စစ်အာဏာရှင်အဖွဲ့က ထိန်းသိမ်းထားတဲ့ လူပေါင်း ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းနဲ့ ဒီမိုကရေစီကို လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

ဆွီဒင်သံရုံးကလည်း ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာကို သိရှိရကြောင်း၊ ဖမ်းဆီးခံရတဲ့ ဗွီဒီယိုဖိုင်အရ အဖမ်းမခံရမီ ကိုဝေမိုးနိုင်စီးလာတဲ့ ဆိုင်ကယ်အား ကားတစ်စီးက ဝင်တိုက်သည်ကို တွေ့ရှိရကြောင်း ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံး သင့်တော်လုံလောက်တဲ့ ဆေးကုသမှု ရရှိဖို့နဲ့ သူတို့ရဲ့လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တောင်းဆိုကြောင်း၊ ကိုဝေမိုးနိုင်ရဲ့ အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၁၅ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၀၇၀ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ၆၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရကာ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၇၅၆ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013