
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ကိုင်နေတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို စစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေက ပူးပေါင်းဖမ်းဆီးခဲ့ပါတယ်။
အဲဒီလို ဖမ်းဆီးရမိထားတဲ့ တရားမဝင် ကျားဖြန့်လုပ်သား နိုင်ငံခြားသား ၂၁ ယောက်ကို မေ ၁၉ ရက် မနက်ပိုင်းမှာ မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ ကတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ တရားမဝင် ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသားတွေကတော့ ဖိလစ်ပိုင်နိုင်ငံသား ၅ ယောက်၊ ယူဂန်ဒါနိုင်ငံသား ၃ ယောက်၊ ကင်ညာနိုင်ငံသား ၅ ယောက်၊ ဘူရွန်ဒီနိုင်ငံသား ၅ ယောက်နဲ့ သီရိလင်္ကာနိုင်ငံသား ၃ ယောက်တို့ ဖြစ်ကြပါတယ်။
အခု ဖမ်းမိတဲ့လူတွေကို စစ်တပ် တာဝန်ရှိသူတွေက သက်ဆိုင်ရာ နိုင်ငံခြားသား တာဝန်ရှိသူတွေ ဆီ လွှဲပြောင်းပေးခဲ့ပြီး သူတို့ဟာ မြန်မာ-ထိုင်းနယ်စပ်ကနေတဆင့် ဘန်ကောက်မြို့ကို ထွက်ခွာ သွားကြပြီး မိမိတို့နိုင်ငံတွေကို ဆက်လက်ပြန်ကြမှာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ တရားမဝင် ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ ရှိနေဆဲဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ တရားမဝင် ကျားဖြန့်လုပ်သား တချို့ကိုလည်း စစ်တပ်ဘက်က ဆက်လက် စစ်ဆေးနေပါတယ်။
လက်ရှိမှာတော့ မြန်မာ-ထိုင်းနယ်စပ်တလျှောက် မူးယစ်ဆေးဝါး သယ်ဆောင်တာ၊ လူကုန်ကူးတာ နဲ့ တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် ထိုင်းစစ်တပ်နဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ တွေက လုံခြုံရေး တင်းကျပ်ထားပါတယ်။
ဖိုးစီ










