DVB Logo
Home
မြန်မာသတင်း
ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သဖြင့် ပြည်သူများအခက်ကြုံ
DVB
·
April 12, 2021
ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သဖြင့် ပြည်သူများအခက်ကြုံ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂ လခွဲလောက်ကြာလာတဲ့အထိ ဘဏ်တွေက အကန့်အသတ်နဲ့ ငွေထုတ်ပေးနေတာ၊ ATM တွေမှာငွေထုတ်ရခက်တာ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတာ စတာတွေကြောင့်   အခြေခံလူတန်းစား ပြည်သူတွေအကြား ငွေသားပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

လက်ရှိ ရန်ကုန်အပါအဝင် မြန်မာနို်ငငံတဝန်းကမြို့တွေ နယ်တွေအတော်များများမှာ ပုဂ္ဂိလိကဘဏ်တွေရဲ့ ATM စက်တွေကနေ ငွေထုတ်မရတာ၊ ငွေထုတ်ရတဲ့ နေရာတွေမှာလည်း တနေကုန်နီးပါး အချိန်ကြာမြင့်စွာစောင့်ဆိုင်းတန်းစီပြီးမှာ ငွေထုတ်ရတဲ့ အခက်အခဲတွေ ရှိနေတာပါ။

ATM စက်တွေကနေ ငွေထုတ်ယူရာမှာလည်း စစ်အာဏာမသိမ်းခင်က တစ်ရက်ကို အများဆုံး ကျပ်  ၁၀ သိန်းအထိထုတ်ယူခွင့်ရခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် အများဆုံး ကျပ်  ၅  သိန်းအထိသာထုတ်ယူခွင့်ပြုခဲ့ပြီး အခုအခါမှာတော့ တရက်ကို ကျပ် ၂ သိန်းသာ ထုတ်ခွင့်ရှိတော့တာပါ။ 

ရန်ကုန်မြို့ရှိ တချို့ ဈေးဝယ်စင်တာတွေမှာရှိတဲ့  ATM  စက်တွေမှာ ပြည်သူလူထုတွေဟာ လူတန်းရှည်ကြီးနဲ့ တန်းစီစောင့်ဆိုင်းပြီး ငွေထုတ်ယူနေကြရပါတယ်။  

အလားတူ KPay၊ CB၊ YOMA၊ AYAR နဲ့ WaveMoney အပါအဝင် အွန်လိုင်းကနေ ငွေပေးငွေယူ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့လုပ်ငန်းတွေဟာလည်း  အင်တာနက်လိုင်းတွေ  ဖြတ်တောက် ခံထားရတာနဲ့အညီ လုပ်ငန်းတွေပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ 

ရန်ကုန်လှိုင်မြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက  “မနေ့ကဆိုရင် အမျိုးသမီးတစ်ယောက်က အိမ်တိုင်ရာရောက်လာပို့ပေးမယ်၊ ဒါပေမဲ့  ၁၂ ရာခိုင်နှုန်းအပြင် သူလာရတဲ့အတွက် ကားခပါ ပေးရတာရှိတယ်။ အဲလိုမျိုးတွေ ဝန်ဆောင်မှုလုပ်လာတာရှိတယ်။ Wave တို့ KPay တို့ကကျတော့ လွှဲတာတွေကတော့ရှိတယ်၊ ငွေထုတ်ဖို့အတွက်ကြတော့ ကျမဆီကို ၂ သိန်းလွှဲထားတာကို ဘယ်ဆိုင်မှာမ ထုတ်လို့မရဘူး။ အဲလိုကြုံရတယ်  ကျပ် သုံးသောင်းလောက်ဆိုရင်တော့ ထုတ်ပေးနိုင်တယ်။  တခြားတော့မဟုတ်ဘူး သူတို့မှာ ပိုက်ဆံထုတ်ပေးဖို့ ငွေသားမရှိနေဘူး။ အဲဒါလက်တွေ့ကြုံရာတာပါ”

တာမွေမြိုနယ်မှာလည်း WaveMoney ဆိုင်တွေအတော်များများက ငွေသားထုတ်ပေးတာတွေ မလုပ်တော့ဘဲ ရပ်ဆိုင်းထားတဲ့အတွက် ငွေထုတ်ယူဖို့ အခက်အခဲတွေ့ နေကြတယ်လို့ ရပ်ကွက်နေသူတွေထံကသိရပါတယ်။ 

တချို့ WaveMoney ဆိုင်တွေကတော့  ငွေထုတ်ခအဖြစ် ငွေကျပ်တသိန်းကို   ကျပ် တစ်သောင်းကနေ နှစ်သောင်းအထိယူလာကြသူတွေလည်းရှိလာနေပါတယ်။ အလားတူ   နယ်မြို့တွေမှာလည်း  WaveMoney ထုတ်မရလို့ အခက်အခဲနဲ့ ကြုံရသူတွေလည်းရှိပါတယ်။

စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ် ကျေးရွာတစ်ခုက ဒေသခံတဦးကတော့ WaveMoney မရလို့ စစ်ကိုင်းအထိသွားထုတ်ရတယ်လို့ ပြောပါတယ်။ 

KPay ကငွေထုတ်ရာမှာလည်း တစ်သိန်းထုတ်ယူဖို့  ငွေကျပ်  ၃၀၀၀ ၊ ၄၀၀၀ ပေးရတာ ရှိသလို ဘဏ်မှာငွေထုတ်ဖို့လည်း ဘွတ်ကင်ကြိုလုပ်ရတာ၊ တိုကင်ကြိုယူရတာတွေရှိတဲ့ အပြင် တိုကင်အရောင်းအဝယ်ဈေးကွက်ပါပေါ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုစီးပွားရေးအခြေအနေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က အခြေအနေကို ပြန်ရောက်သွားပြီလို့ ပြည်တွင်းမှာ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက သုံးသပ်ပြောပါတယ်။ 

“အရင်တုန်းက တောက်လျှောက် Digitalization ဖြစ်နေတဲ့ဟာက အခု အင်တာနက်  မိုဘိုင်းဒေတာ ဖြတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ လုံးဝရပ်သွားတာ၊ အနုတ်အဆင့်ကိုရောက်သွားတာပေါ့ ၊ အရင်တုန်းက ဒါနဲ့ပဲတောက်လျှောက်လုပ်နေတယ်။ အွန်လိုင်းက ဈေးတွေရောင်းနေတယ်။ ဒီအွန်လိုင်းပေါ်ကနေ လုပ်နေတဲ့ဟာအားလုံးက လုပ်လို့မရတော့ဘူး။ မိုဘိုင်းတော့ပ်အပ်လုပ်မလား ငွေလေးတွေလှမ်းပေးမလား။ အမျိုးမျိုး ဟိုဘက်ဒီဘက်လုပ်လို့ ရနေတဲ့ဟာကြီးတစ်ခုက အခုဟာက မိုဘိုင်း အင်တာနက်မရသေးတဲ့  ၂၀၁၃ အခြေအနေကို ပြန်ရောက်သွားတာပေါ့”

စစ်အာဏာသိမ်းမှု ၂ လကျော်အကြာ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးလုပ်ငန်းတွေထိခိုက် တာတွေရှိနေသလို၊ ပုဂ္ဂလိကဘဏ်တွေပုံမှန်ပြန်မဖွင့်နိုင်သေးတာ၊ အွန်လိုင်းအရောင်း အဝယ်လုပ်ငန်းတွေ ထိခိုက်လာတဲ့အပြင် အများပြည်သူတွေကြား လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးထုတ်ယူရရှိနိုင်ဖို့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက အာဏာသိမ်းစစ်အုပ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပိုမိုပြုလုပ်လာသလို ဂျာမနီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် Giesecke and Devrient ကုမ္ပဏီကလည်း  မြန်မာနိုင်ငံအတွက် ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ ကုန်ကားတွေသွားလာနေတာမြင်တွေ့နိုင်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေတယ်လို့ ပြီးခဲ့တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013