
စူပါဟီးရိုးတွေနဲ့ ဒစ္စနေးဇာတ်ကောင်တွေလို ဝတ်ဆင်ထားတဲ့ ဆိုင်ကယ်သမား ထောင်ပေါင်းများစွာဟာ ဩဂုတ် ၁၆ ရက်က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မှာ နာမကျန်းကလေးတွေကို အရုပ်လက်ဆောင်တွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။
ကလေးများနေ့ အထိမ်းအမှတ်အဖြစ် Garrahan ကလေးဆေးရုံက ကလေးတွေကို ပျော်ရွှင်စေဖို့ ဒီခရီးစဉ်ကို စီစဉ်ခဲ့တာပါ။
Kawaclub ဆိုင်ကယ်အဖွဲ့က ၂၀၀၆ ခုနှစ်ကတည်းက စီစဉ်လာတာဖြစ်ပြီး ဒီနှစ်ဆိုရင် အကြိမ် ၂၀ မြောက် ရှိလာပါပြီ။
ဆိုင်ကယ်တန်းဟာ Argentine Polo Field ကနေ ထွက်ခွာပြီး မြို့ထဲ လှည့်လည်မောင်းနှင်ကာ Garrahan ကလေးဆေးရုံကို ရောက်ရှိခဲ့ပါတယ်။
ဒီဆေးရုံဟာ အာဂျင်တီးနားနိုင်ငံရဲ့ အရေးကြီးဆုံး အထူးကုကလေးဆေးရုံတွေထဲက တခု ဖြစ်ပါတယ်။
ပွဲစီစဉ်သူ ဖာနန်ဒို ရီဗီရာက စကော့တလန်နိုင်ငံ၊ Glasgow ကလေးဆေးရုံအတွက် ပြုလုပ်တဲ့ အီစတာဆိုင်ကယ်ခရီးစဉ်ကနေ အကြံရခဲ့တာလို့ ပြောပါတယ်။
ရီဗီရာက “ကလေးတွေရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုကို မြင်လိုက်ရတော့ ဒီဆိုင်ကယ်ခရီးစဉ်က အဓိကမဟုတ်ဘဲ ဆေးရုံက ကလေးတွေဆီ အရုပ်တွေ ပို့ပေးဖို့ နည်းလမ်းတခုပဲဆိုတာ နားလည်ခဲ့တယ်” လို့ပြောပါတယ်။
ကလေးတွေက သူတို့ရဲ့ စူပါဟီးရိုးတွေကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့ပြီး အတူတူ ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။











