Home မြန်မာသတင်း ရန်ကုန်-ဒလ စက်လှေတိမ်းမှောက်ပြီး လူ ၃ ဦး ပျောက်ဆုံးနေ
ရန်ကုန်-ဒလ စက်လှေတိမ်းမှောက်ပြီး လူ ၃ ဦး ပျောက်ဆုံးနေ
Photo : DVB
ရန်ကုန်-ဒလ ကူးတို့ စက်လှေတစီး မေ ၂၈ ရက် ဒီနေ့ည ၇ နာရီ ဝန်းကျင်မှာ တိမ်းမှောက်ခဲ့တာကြောင့် စက်လှေမောင်းသူ အပါအဝင် လူ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ စက်လှေမောင်းသူတချို့က ပြောပါတယ်။ ဒီနေ့ညပိုင်း ရန်ကုန် (မော်တင်ဆိပ်ကမ်း) ကနေ တဖက်ကမ်း ဒလမြို့၊ မှော်စက်ရပ်ကွက်ကို ဖြတ်ကူးတဲ့ သမ္ဗာန်စက်လှေတစီး ရန်ကုန်-ဒလ ကားကူးဇက်ကူးတို့နဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ သိရှိသူတချို့က ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးကို သွားကြည့် နေသူတယောက်က “စက်လှေက ဒိုက်(အမှိုက်) ပတ်လို့ လှေသမားက ဖြုတ်နေချိန်မှာ ကားကူးဇက်က ဝင်တိုက်သွားတာတဲ့။ အခုထိတော့ ဆက်ပြီး ရှာဖွေနေကြတုန်းပဲ။ ရေကျချိန်ဆိုတော့ ရေစီးကလည်း သန်တယ်" လို့ DVB ကို ဒီည ၈ နာရီ လောက်မှာ ပြောတယ်။ လတ်တလော လှေကူးသန်းမှုကို ပိတ်ပင်ထားပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။ မှော်စက် သမ္ဗာန်ဆိပ် (ကူးတို့ဆိပ်) ဟာ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်မှာ တည်ရှိပြီး ရန်ကုန်ဘက်ခြမ်း မော်တင်ဗောတံတားတွေကြားမှာ ဆိုက်ကပ်ပါတယ်။ ရန်ကုန်မြစ်၊ တွံတေးတူးမြောင်းနဲ့ လှိုင်မြစ်ဆုံရာအနီး ရန်ကုန်ဘက်ခြမ်း၊ မော်တင်ဗောတံတား အမှတ် ၁ နဲ့ ၂ ကြားမှာ ဖွင့်လှစ်ထားတဲ့ ဒီသမ္ဗာန်ဆိပ်ဟာ မြစ်ပြင်ပိုကျယ်တဲ့ နေရာကနေ ဖြတ်သန်းမောင်းနှင်ရတာ ဖြစ်ပါတယ်။ ဒလမြို့နယ်ဘက်ခြမ်း ရန်ကုန်ဖြစ်တလျှောက်မှာ စက်လှေသမ္ဗာန်ဆိပ်များစွာရှိပြီး နေ့စဉ် လူဦးရေထောင်နဲ့ချီ အသုံးပြု ကူးသန်းကာ ရန်ကုန်မြို့ဘက်မှာ အသက်မွေးဝမ်းကျောင်းကြပါတယ်။ စစ်အာဏာရှင်အစိုးရဟာ အရပ်သားအစိုးရခေတ်က တည်ဆောက်ခဲ့တဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတားကို ဖွင့်လှစ်ထားပြီး အများပြည်သူသုံး ဘတ်စ်ကားတွေ ပြေးဆွဲပေးနေပေမဲ့ ဒလမြို့ခံအများစုအတွက် အသုံးမဝင်ဘဲ စက်လှေ၊ သင်္ဘော ကူးတို့တွေကို ဆက်လက် အသုံးပြုနေကြရတာကို တွေ့ရပါတယ်။ Photo : DVB