
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာကနေ ကျောက်တော်မြို့ကို ဈေးဝယ်လာတဲ့ ခရီးသည်တင် စက်လှေတစင်းဟာ ပုဏ္ဏားကျွန်းမြို့အနီးမှာ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက တိမ်းမှောက်ခဲ့ပါတယ်။
ခရီးသည်တင် စက်လှေဟာ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းအတွင်း ဦးရာဇ်မင်္ဂလာကြိုးတံတားနဲ့ တိုက်မိပြီး နှစ်မြုပ်သွားခဲ့တာပါ။
အဲဒီစက်လှေ နှစ်မြုပ်မှု ဖြစ်စဉ်အတွင်း သေဆုံးသူအရေအတွက်က လက်ရှိမှာ ၁၁ ယောက်အထိ ရှိလာပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေက ပြောပါတယ်။
သေဆုံးသူတွေမှာ ဒေါ်မသောင်း (၆၁ နှစ်)၊ ဒေါ်အမူချေ (၄၆ နှစ်)၊ မနိုင်နိုင်ဝင်း (၂၆) နှစ်၊ ဒေါ်ရီရီဆန်း (၅၀) နှစ်၊ မစိုးယုဝေ (၂၄) နှစ်၊ ကိုဉာဏ်လင်းဝေ (၃၃) နှစ်၊ ကိုမောင်ဇိ (၂၈) နှစ်၊ ဦးခင်မောင် (၆၆) နှစ်၊ ဦးသန်းကျော်စိန် (၄၀) နှစ်၊ ဦးသိန်းကျော့ဝေ (၄၄) နှစ် နဲ့ ဦးမောင်သိန်းရွှေ (၆၄) နှစ်တို့ ဖြစ်ပါတယ်။
လက်ရှိ နစ်မြုပ်ခဲ့တဲ့ စက်လှေမှာ ခရီးသည် ၃၅ ယောက် လိုက်ပါလာခဲ့ပြီး အဲဒီထဲက အသက်ရှင်သူတချို့ကို ဆေးရုံပို့ဆောင်ထားသလို ပျောက်ဆုံးနေသူတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေဆဲလို့ သိရပါတယ်။
ရခိုင်ဒေသဟာ မိုးရာသီကာလ ရေကြောင်းခရီးသွာလာရာမှာ တောင်ကျရေ ရေစီးပြင်းထန်မှုတွေ၊ လှိုင်းလေထန်မှုတွေကြောင့် အထူးသတိထားသင့်တယ်လို့ သတိပေးမှုတွေလည်း ရှိနေပါတယ်။










