
ဖိလစ်ပိုင်နိုင်ငံမှာ ဆောက်လုပ်ဆဲ အဆောက်အအုံတလုံးပြိုကျပြီး မလေးရှားနိုင်ငံသား တယောက် သေဆုံးသွားကာ အပျက်အစီးတွေအောက်မှာ အနည်းဆုံး လူ အယောက် ၂၀ ကျော် ပိတ်မိနေတယ်လို့ အရာရှိတွေက မေ ၂၄ ရက်မှာ ပြောခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။
ကယ်ဆယ်ရေးသမားတွေနဲ့ အဆက်အသွယ်ရှိသူ ၂ ယောက်အပါအဝင် လူ ၅ ယောက် ပိတ်မိနေတယ်လို့ အတည်ပြုခဲ့ပြီး အပျက်အစီးတွေအောက်မှာ နောက်ထပ် ၁၈ ယောက် ပိတ်မိနေနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။
မနီလာမြို့တော်မြောက်ဘက် အိန်ဂျလိစ်မြို့က ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျတဲ့ နေရာမှာအစိမ်းရောင်ပိုက်ကွန်တွေ ဖုံးအုပ်ထားပြီး ပျက်စီးနေတဲ့ ကွန်ကရစ်ပြားတွေ၊ သံမဏိ ပုံတွေပေါ်က ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာနေတာကို တွေ့ရပါတယ်။ ကယ်ဆယ်ခံရသူ အရေအတွက် ၂၈ ယောက်ရှိပြီလို့ မနီလာတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
ကွန်ကရစ်အဆောက်အအုံ ပြိုကျချိန်မှာ ပျက်စီးသွားခဲ့တဲ့ အနားက တန်ဖိုးသင့် ဟိုတယ်တခုမှာနေတဲ့ အသက် ၅၁ နှစ်အရွယ် မလေးရှားနိုင်ငံသားတယောက်လည်း ကယ်ဆယ်ခံရသူ တွေထဲမှာပါတယ်လို့ အိန်ဂျလိစ်မြို့ သတင်းအချက်အလက်အရာရှိ ဂျေး ပီလာယိုကပြောပါတယ်။
လွတ်မြောက်လာသူတွေထဲမှာပါတဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူး တယောက်ဆီက ရတဲ့ အချက်အလက်တွေအရ လူ ၃၀ ကနေ ၄၀ အထိ ပိတ်မိနေနိုင်တယ်လို့ သူက အစောပိုင်းမှာ DZBB ရေဒီယိုကို ပြောပါတယ်။
ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီအဆောက်အအုံဟာ အတည်ပြုထားတဲ့ ခွင့်ပြုချက်အရ ၉ ထပ်ကွန်ဒို-ဟိုတယ် အဖြစ် ရည်ရွယ်ထားတာကို ပြထားပေမဲ့ ရေကူးကန်အတွက် ၁၀ ထပ်မြောက်ကို ဆောက်နေဆဲဖြစ်တာကို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
လူနာတင်ယာဉ်တွေကို အသင့်ပြင်ဆင်ထားပြီး မီးသတ်ကားတွေကို ကယ်ဆယ်ရေးအတွက် ကူညီဖို့ တာဝန်ချထားခဲ့တယ်လို့ ပေလာယိုက ပြောပါတယ်။
ကွန်ကရစ်အပျက်အစီးတွေကို ရွှေ့ပြောင်းတာက ကယ်ဆယ်ရေးသမားတွေအတွက် စိန်ခေါ်မှု တခုဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။
Source: Reuters










