
ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်မှာ ဩဂုတ် ၇ ရက်က ဖြစ်ခဲ့တဲ့ ကျောင်းပစ်ခတ်မှုအတွင်း အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက် ထပ်မံသေဆုံးပြီးတဲ့နောက် သေဆုံးသူ ၉ ယောက်အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက ဩဂုတ် ၈ ရက်မှာ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးသူ ၉ ယောက်ရှိပြီး ၁၄ ယောက် ဆေးရုံတက်နေရဆဲ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ခရိုင် ပြည်သူ့ဆက်ဆံရေးဌာနက စနေနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဖေ့စ်ဘွတ်ခ်ပို့စ်မှာ ဖော်ပြပါတယ်။
အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက် ဆေးရုံတင်ထားရပြီးနောက် သေဆုံးသွားတာ ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဒက်ဘ်စီရင် နွန်ထဘူရီကျောင်းက ကျောင်းသားအတွက် ဝမ်းနည်းကြောင်းကို လူမှုမီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ကျောင်းက ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို ခေါ်ယူခဲ့ပြီး အသက် ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ ကျည်ဆန်ရဲ့ ရင်းမြစ်ကို စနေနေ့မှာ စုံစမ်းစစ်ဆေးခဲ့ပြီး ကနဦးစုံစမ်းစစ်ဆေးမှုရလဒ်တွေကို ကြေညာဖို့ တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း သေနတ်သမားနဲ့ အဘိုး၊ အဘွားတွေ အပါအဝင် လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေက ဖော်ပြခဲ့ပါတယ်။
ထိုင်းဆယ်ကျော်သက် သေနတ်သမားရဲ့ အဖေက သားရဲ့လုပ်ရပ်တွေအတွက် တောင်းပန်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၈ ရက်မှာ သေနတ်သမားရဲ့ မိဘတွေကို မေးဖို့ ခေါ်ယူခဲ့တာပါ။ မိဘနှစ်ပါးစလုံးက အလွန်စိတ်ဖိစီးမှုများနေပြီး မီဒီယာတွေနဲ့ စကားပြောဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ ဖခင်ဖြစ်သူက သားဖြစ်သူရဲ့ လုပ်ရပ်အတွက် လူ့အဖွဲ့အစည်းကို တောင်းပန်ခဲ့တယ်လို့ ရဲတွေကို ပြောခဲ့ပြီး စနေနေ့နှောင်းပိုင်းမှာ ဈာပနအတွက် ပြင်ဆင်မှသာ သားဖြစ်သူရဲ့ အလောင်းကို မြင်တွေ့ခဲ့ရတယ်လို့ အင်တာဗျူးမှာ ပြောပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ သေနတ်သမားက သူ့ကိုယ်သူ ပစ်မသတ်မီ ၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။










