
ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံကမြို့ ၈ မြို့လောက် နေ့တိုင်းလိုလို ပါဝင်နေပြီး အပူချိန် လည်း တိုးလာကိုတွေ့ရပါတယ်။
ဧပြီ ၄ ရက် ဒီနေ့မှာလည်း အပူဆုံး ၁၅ မြို့ စာရင်းမှာ မြန်မာက ၈ မြို့ပါဝင်ပြီး ဒီနှစ်ထဲမှာ အပူလှိုင်းဖြတ်မှာတော့မဟုတ်ဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီမနက် ၉ နာရီခွဲမှာ အိုမန်နိုင်ငံ၊ ကာလ်ဟာတ်မြို့က အပူချိန် ၄၉ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့အပူဆုံးမြို့ဖြစ်နေပြီး မကွေးတိုင်း၊ ချောက်မြို့ကတော့ ၄၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် ၂ နေရာမှာ ရှိပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့က ၄၂ ဒသမ ၆ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် ၃၊ မကွေးမြို့က ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် ၄ နေရာမှာရှိနေပြီး မန္တလေးမြို့က နံပါတ် ၈၊ မုံရွာမြို့က ၁၀၊ ပြည်မြို့က ၁၃၊ ရွှေဘိုမြို့က ၁၄ နဲ့ တောင်ငူမြို့က ၁၅ နေရာမှာရှိပါတယ်။
အပူချိန်တွေ တိုးလာပေမဲ့ အပူလှိုင်းဖြတ်ဖို့တော့မရှိဘူးလို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
‘ကြိုတင်ခန့်မှန်းရေး သင်္ချာပုံစံပြုမော်ဒယ်များ၏ ပျမ်းမျှစုပေါင်းရလဒ် အရ ၂၀၂၆ ခုနှစ် ဧပြီလမှ ဩဂုတ်လအတွင်း၊ နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် အမြင့်ဆုံး ၁°C အထိသာ ပို၍ ပူနိုင်ကြောင်းတွေ့ရပါတယ်။
ကြိုတင်ခန့်မှန်းချက်အရ ယခုဖြစ်ပေါ်လျက်ရှိသည့် နေ့အပူချိန်များသည် ဖြစ်မြဲအပူချိန်ထက် များစွာလွန်ကဲသောအပူချိန်များ ≥ 5–7°C above normal average မဟုတ်ပါ။ ထို့ကြောင့် "၂၀၂၆ ခုနှစ်အတွင်း အပူလှိုင်းဖြတ်နိုင်သည့်အခြေအနေမရှိ" ဟု သုံးသပ်ရပါသည်’ လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
မနေ့ည ၉ နာရီခွဲအချိန်မှာတော့ မကွေးတိုင်း၊ ချောက်မြို့၊ မင်းဘူးမြို့ မကွေးမြို့တို့ဟာ ကမ္ဘာ့အပူဆုံးမြို့တွေဖြစ်ခဲ့ပြီး ၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံက ၇ မြို့ ပါဝင်ခဲ့ပါတယ်။
မင်းဘူး၊ မင်းလှစတဲ့ မြို့တချို့မှာတော့ သက်ကြီးရွယ်အိုတွေအတွက် အပူရှောင်စခန်းတွေ ဖွင့်လာတယ်လို့ သိရပါတယ်။











