DVB Logo
Home
မြန်မာသတင်း
အောင်ပန်းမြို့၌ ပြည်သူလူထုကို အကြမ်းဖက်စစ်တပ်က ကျည်အစစ်ဖြင့်ပစ်ခတ် အနည်းဆုံး ၃ ဦးသေဆုံး ၁၀ ကျော်ဒဏ်ရာရ
DVB
·
March 19, 2021
အောင်ပန်းမြို့၌ ပြည်သူလူထုကို အကြမ်းဖက်စစ်တပ်က ကျည်အစစ်ဖြင့်ပစ်ခတ် အနည်းဆုံး ၃ ဦးသေဆုံး ၁၀ ကျော်ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ထဲမှာ ဒီကနေ့မနက်က စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက  မီးခိုးဗုံးတွေနဲ့ပစ်ပြီး ကျည်ဆန်အစစ်တွေနဲ့ပါ ပစ်ခတ်တဲ့အတွက် ဆန္ဒပြသူ အနည်းဆုံး ၃ သေဆုံးပြီး ၁၇ ဦးခန့် ဒဏ်ရာရထားပါတယ်။ 

သေဆုံးသူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပြင် ဆန္ဒပြသူ ၆ ဦးလည်း ဖမ်းဆီးခံထားရပါတယ်။ 

အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်တပ်နဲ့ရဲတွေက ကနေ့ မနက် ၈ နာရီ ၄၅ မိနစ်လောက်ကစ ငြိမ်းချမ်းစွာဆန္ဒပြသူတွေပြုလုပ်ထားတဲ့ အကာအရံတွေကို ဘူဒိုဇာကားနဲ့လာ ရောက်ဖျက်ဆီးသလို မီးခိုးငွေ့ဗုံးတွေနဲ့လည်း အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း၊ ဆန္ဒပြသူ တွေက သူတို့ကိုအပြင်စည်းကနေပြန်ဝိုင်းရာမှာ ကျည်အစစ်တွေနဲ့စပစ်လို့ အစပိုင်းမှာ ၂ ဦးသေ ဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ အောင်ပန်းဆန္ဒပြတဲ့ထဲပါဝင်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။ 

“အတားအဆီးကို ရဲတွေက ဘူဒိုဇာနဲ့အရင်လာဖျက်တယ်။ ကျနော်တို့ကလည်း ခံတပ်လေးတွေဘက်ကနေ ရသလောက်တောင့်ထားတယ်။ စဖျက်တာကစပြီး ကျနော်တို့ဘက်ကို မီးခိုးဗုံးတွေ အလုံးရေများစွာပစ်တယ်၊ သူတို့ကမြို့ထဲကလမ်းဆုံကို အပိုင်စီးထားတော့ ကျနော်တို့ဘက်က အဖမ်းခံရတဲ့ ကိုယ့်လူတွေကို ပြန်ဝင်ကြည့်တဲ့အချိန်မှာ ကျည်အစစ်နဲ့ စပစ်တယ်ခင်ဗျ ၊ စနိုက်ပါနဲ့ပစ်တာ တစ်ယောက်က လည်ပင်းကိုဖြတ်ပြီးမှန်တယ်၊ တယောက်က ပေါင်ကိုမှန်ပြီး သွေးလွန်ပြီးသေသွားတယ်။ သူတို့ကို ကျနော်တို့ဆွဲထုတ်နေရင်း ဆက်ပစ်နေတော့ သေနတ်မှန်သူအားလုံး တစ်ဆယ်ကျော်ရှိမယ်၊ နောက်ပြီးထွက်ပြေးတဲ့လူတွေနောက်လိုက်ဖမ်းတာ ၆ ယောက်လောက်ပါသွားတယ်။ အဖမ်းခံရတဲ့အထဲက တစ်ယောက်က သူတို့ကိုပြန်ပြောလို့ဆိုပြီး ခေါင်းကိုသေနတ်နဲ့ပစ်ပြီး ကားပေါ်ဆွဲတင်သွားတယ်၊သေလားရှင်လားမသိရဘူးခင်ဗျ  ”

သေဆုံးသူနဲ့ဒဏ်ရာရသူ ၂ ဦးကို ဆေးရုံပို့ထားပြီး ကျန်တဲ့ဒဏ်ရာရသူတွေကတော့ ရဲနဲ့စစ်တပ်အတားအဆီးတွေရှိနေလို့ နီးစပ်ရာ အမှတ် ၆ ကျောင်းထဲမှာ ရှေးဦးသူနာပြုစု ထားကြောင်း၊ စာသင်ကျောင်းမှာ ခဏထားထားတဲ့ ဒဏ်ရာရသူ ၁၂ ဦးအနက် ရင်ဘတ်နဲ့ ဗိုက်ကိုထိမှန်ထားတဲ့တစ်ယောက်က ထပ်ပြီးသေဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။ 

နောက်ထပ်ဆန္ဒပြသူတစ်ဦးကတော့ လောလောဆယ် ဒဏ်ရာရသူ ၈ ဦးကို ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်လို့ သေဆုံးသူရှိကြောင်း ၊ ဒါပေမဲ့ ဆေးရုံ တာဝန်ရှိသူတွေက ကာယကံရှင်မိသားစုတွေကိုယ်တိုင်လာရောက်ဆက်သွယ်မှ ပြောမယ်ဆိုတာကြောင့် သေဆုံးသူအရေအတွက်အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ 

“  ကျနော်သိရသလောက်တော့ ဒဏ်ရာရသူအားလုံး ၁၇ ယောက်လောက်ရှိမယ်ခင်ဗျ ၊ ကလောဆေးရုံကို ၈ ယောက် ပို့နိုင်ခဲ့တယ်၊ သေဆုံးတာကတော့ ၃ ယောက်ပဲ အတည်ပြုနိုင်တယ်၊ ဆေးရုံကလူတွေရဲ့အခြေအနေသွားမကြည့်နိုင်သေးဘူး၊ ဆေးရုံကလည်း မိသားစုဝင်မှပေးတွေ့မယ်လို့ ပြောတယ်၊  သေနတ်သံတွေက အခုထိ ( မွန်းလွဲ ၂ နာရီခွဲခန့်) ထိ ကြားနေရတုန်းပါ၊ တနေရာနဲ့တနေရာသွားလာဖို့လည်း ခက်ခဲနေပါတယ်  ”

ရဲနဲ့ စစ်တပ်အင်အားတွေလည်း ထပ်ရောက်လာပြီး  အောင်ပန်းမြို့တွင်း ၁၂ ရပ်ကွက်ထဲရှိ ပြည်သူတွေမိမိလုံခြုံရေးအတွက်လုပ်ထားတဲ့ အတားအဆီးအကာ အရံတွေကို ဘူဒိုဇာတွေနဲ့ လိုက်လံဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။ 

အောင်ပန်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရတာ ဒါနဲ့ပါဆို ၃ ကြိမ်ရှိပြီး စစ်တပ်က အသလွတ်ဝင်ပစ်ခတ်တာ ၁ ကြိမ်ရှိကာ ထိုစဉ်က ဆန္ဒပြပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013