အွန်လိုင်းပေါ်မှာ ပင်းတယ မီးအိမ်ရှင် ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်ကို မအူပင် အကျဉ်းထောင်ကို ပို့လိုက်ပြီ ဆိုပြီး မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက စပြီး ကောလဟာလ သတင်းတွေ ပျံ့နှံ့ လာခဲ့တယ်လို့ သိရပါတယ်။
အခုလိုမျိုးသတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုဝင်တွေကို အခုအချိန်အထိ ဆက်သွယ်လာတာ မရှိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ အတည်မပြုနိုင်သေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ခေါ်ထားတဲ့ အဖွဲ့အစည်း အနေနဲ့ ဒေါက်တာ သန်းမင်းထွဋ်ကို မည်သည့်အကြောင်းကြောင့် ထိန်းသိမ်းထားတယ် မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို တိကျစွာ ထုတ်ပြန်ပေးဖို့ မိသားစု ဝင်တွေက တောင်းဆိုမှုတွေ ဒေါက်တာသန်းမင်းထွဋ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဒေါက်တာ သန်းမင်းထွဋ်ကို ဖမ်းဆီးထားသော်လည်း မည်သည့်ပုဒ်မမှ မတပ်ရသေးဘူးလို့ ဧရာ၀တီတိုင်းစစ်ကောင်စီ တာ၀န်ရှိသူများက အတည်ပြုပြောဆိုခဲ့လို့ မည်သည့်အတွက်ကြောင့် ထိန်းသိမ်းထားတယ် မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုသက်ဆိုင်ရာက ထုတ်ပြန်ကြေညာပေးဖို့ မိသားစု၀င်တွေက တောင်းဆိုခဲ့တာပါ။
ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ကို ဖမ်းဆီးသွားချိန်မှစပြီး ဒီနေ့ထိ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်၊ တိုက်ရိုက် အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
မတ်လ ၁၃ ရက်နေ့က ပုသိမ်ဆေးရုံကြီးမှာ အရေးပေါ်ဌာနပြန်လည် ဖွင့်လှစ်ပေးဖို့ အစည်းအဝေး ကျင်းပခဲ့ပေမယ့်လည်း ဆေးရုံဘက်မှတာ၀န်ရှိသူတွေက ဆရာကြီးဒေါက်တာ သန်းမင်းထွဋ်ကို ပြန်လွှတ်ပေးမှသာ ဖွင့်ပေးနိုင်မှာဖြစ်တယ်လို့ ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။