DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်း ကျဆုံးသူ ၂၀၂ ဦးရှိလာဟု အေအေပီပီ ထုတ်ပြန်
DVB
·
March 17, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်း ကျဆုံးသူ ၂၀၂ ဦးရှိလာဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၀၂ ယောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၆ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၁၈၁  ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ယောက်၊ ပြန်လည် လွတ်မြောက် လာသူ ၃၁၉ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၈၆၂ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မတ် ၁၆ ရက်အဖမ်းအဆီးစာရင်းမှာ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၆ ယောက်ရဲ့ အမည်စာရင်းကိုရရှိခဲ့လို့ မှတ်တမ်းပြုထားပြီး အေအေပီပီ အနေနဲ့ ဆက်လက် စုံစမ်းနေပြီး ရရှိလာတဲ့ အချက်အလက်တွေကို ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါ တယ်။

ဖမ်းဆီး၊ တရားစွဲဆိုခံထားရသူအများစုဟာ ဖမ်းဆီးခံရပြီးကတည်းက သူတို့ရဲ့ မိသားစု၊ သူတို့ကို ကိုယ်စားပြုမယ့် ဥပဒေအကျိုးဆောင်တွေနဲ့လည်း တွေ့ရှိခွင့်မရကြောင်း၊ ဒါ့အပြင် သူတို့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကိုလည်း မသိရှိရကြောင်းနဲ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အတွင်း ပျောက်ဆုံးသွားသူတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုသတင်းအစမှ မရရှိတာမျိုးတွေ ကလည်း စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ လက်နက်မဲ့ ကျောင်းသား လူငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ကျည်အစစ်တွေသုံးပြီး ရက်စက်စွာ ပစ်သတ်မှုတွေပြုလုပ်နေကြပြီး သူတို့ရဲ့ လုပ်ရပ်တွေဟာ တနေ့တခြား ဆိုးရွား ပြင်းထန်လာခဲ့ကြောင်းလည်း အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း - ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013