Home မြန်မာသတင်း ပေါ်တာပိုဆွဲနိုင်သူကို ရာထူးတိုးပေးမည်ဆိုသဖြင့် မုံရွာတွင် အဖမ်းအဆီးပိုများ
ပေါ်တာပိုဆွဲနိုင်သူကို ရာထူးတိုးပေးမည်ဆိုသဖြင့် မုံရွာတွင် အဖမ်းအဆီးပိုများ
Photo: Monywa Thar
စစ်မှုထမ်း တပ်သားသစ် များများစုဆောင်းနိုင်တဲ့ စစ်အာဏာရှင်တပ်သားတွေကို ရာထူးတိုးမယ်ဆိုတဲ့ သတင်းကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အဓမ္မပေါ်တာဆွဲ လူသစ်စုဆောင်းမှုတွေ ပိုလုပ်နေတယ်လို့ မြို့ခံတချို့က DVB ကို ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ ညဘက်ရောနေ့ဘက်မှာပါ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေအပြင် လမ်းပေါ်သွားလာနေတဲ့ လူငယ်တွေကို စစ်အာဏာရှင်တပ်သားတွေက အဓမ္မဖမ်းဆီး ပေါ်တာဆွဲနေတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူ မြို့ခံတချို့က ပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်တဲ့ မုံရွာမြို့ခံတယောက်က “အခု မြို့ထဲမှာက သူ့အဖွဲ့၊ ကိုယ့်အဖွဲ့၊ အပြိုင်ဆွဲနေကြတာ။ များများဆွဲနိုင်တဲ့သူကို ရာထူးတိုးပေးမယ်ဆိုပြီး နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်-မုံရွာ) ထဲမှာ သတင်းတွေ ထွက်နေတာ။ လမ်းပေါ်သွားလာနေတဲ့သူတွေကိုလည်း ကားနဲ့ပိတ်ရပ်ပြီး ဖမ်းတယ်။ တခါတလေ ဈေးဆိုင်တွေထဲ ဈေးဝယ်နေတဲ့ သူတွေကိုပါ ဝင်ဖမ်းတာ။ အိမ်တွေထဲလည်း ဝင်ဆွဲတယ်။ နေ့တိုင်းဖမ်းနေတာပဲ” လို့ DVB ကို ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်အာဏာရှင်တပ်သားတွေက စစ်ကား၊ အိမ်စီးကားအပြင် ယူနီဖောင်းဝတ်နဲ့ကော အရပ်ဝတ်တွေနဲ့ပါ မြို့အနှံ့က လူငယ်တွေအပြင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတွေကိုပါ ပေါ်တာဆွဲ တပ်သားသစ် စုဆောင်းနေတာလို့ မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့ ခြေလျင်တပ်ရင်း (၁၆) နားမှာ နေထိုင်သူတယောက်က “တရက်တရက် အဆွဲခံရတဲ့သူ ရာကျော်တယ်။ မနေ့ကလည်း လိုက်ထွက်တစီးနဲ့ လူအပြည့်ပဲ။ တပ်ထဲခေါ်ဝင်သွားတာ တွေ့လိုက်တာ။ မြို့ထဲမှာက ညနေ ၅ နာရီလောက်ဆို လူမရှိတော့ဘူး၊ အဆွဲကြမ်းလို့လေ။ တွေ့သမျှအကုန် လိုက်ဆွဲနေတာ။ ယောက်ျားလေးတွေဆို သိပ်မထွက်တော့ဘူး။ မဖြစ်မနေ ထွက်ရင်လည်း ရပ်ကွက်ကြို၊ရ ပ်ကွက်ကြားလမ်းတွေကနေ သွားရတာ။ ဒါတောင်မလွတ်ဘူး၊ ရပ်ကွက်တွေထဲထိ အိမ်စီးကားနဲ့ လိုက်ဖမ်းတာ” လို့ ပြောပါတယ်။ အဆွဲခံရလို့ မိသားစုက သိသိချင်းလိုက်လံစုံစမ်းရင် စစ်အာဏာရှင်တပ်သားတွေက ငွေကျပ် သိန်း ၅၀ ကနေ သိန်း ရာချီ တောင်းပြီးမှ ပြန်လွှတ်ပေးတာတွေရှိသလို ပြန်လွှတ်မပေးဘဲ ငွေညှစ်ပြီး စစ်မှုထမ်းခိုင်းတာတွေလည်း ရှိနေတယ်လို့ ပေါ်တာဆွဲခံခဲ့ရပြီး ပြန်လွတ်လာသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။ “ကျမတူလေးနဲ့ သူ့သူငယ်ချင်း ဒီလထဲမှာ ပေါ်တာဆွဲခံရတာ။ ညစာစားဖို့ ရပ်ကွက်ထဲက စားသောက်ဆိုင်မှာ စားစရာသွားဝယ်ရင်း ဆွဲခံရတာ။ ညနေပိုင်း ၄ နာရီလောက်ပဲ ရှိသေးတာ၊ သူတို့က စားစရာမှာထားပြီး ထိုင်စောင့်နေတဲ့အချိန် အိမ်စီးကားတစီး လာရပ်ပြီး အရပ်ဝတ်တွေက ဖမ်းသွားတာ။ နမခထဲကို တန်းပို့လိုက်တယ်တဲ့။ အိမ်ကသိသိချင်းလိုက်တာကို မရဘူး။ စစ်မှုထမ်းရမှာဆိုပြီး ပြောတယ်။ အဆက်အသွယ်တွေနဲ့ လိုက်တော့ ရက် ၂၀ ကြာမှ ပြန်လွှတ်ပေးတာ။ ငွေလည်းတော်တော်ကုန်သွားတယ်:” မုံရွာမြို့က ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်းတွေအပြင် မြို့အထွက် မုံရွာတောင်၊ အိုးရှင်းစူပါမားကပ်အနီး၊ သာစည်လမ်း၊ ထန်းတောရပ်၊ စက်မှုဇုန်၊ ကမ်းနားတလျှောက်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ မုံရွာအထွက် အလုံနဲ့ ချင်းတွင်း တံတားအနီး စတဲ့နေရာတွေမှာ ပေါ်တာဆွဲနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ လတ်တလောမှာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းရာ မြို့ရွာတွေကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ နေ့စဉ် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။