DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံရေးရည်မှန်းချက်
DVB
·
March 5, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံရေးရည်မှန်းချက်
Donate to DVB

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို စစ်အာဏာရှင်များက လက်နက်အင်အား အသုံးပြု၍ သိမ်းယူခဲ့သည်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ စစ်အာဏာရှင် အဆက်ဆက်၏ အာဏာအလွဲ သုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ခေတ်နောက်ကျ ကျန်ရစ်သော နိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။

၂။ စစ်တပ်သည် နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်၍ ဗိုလ်ကျ စိုးမိုးနိုင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည်။ စစ်တပ်သည် ၎င်းတို့၏ နိုင်ငံရေးအခန်းကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကာကွယ်ထားသည့်တိုင် ကျေနပ်မှုမရှိဘဲ မိမိတို့ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပင် ပြန်လည်ချိုးဖောက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။

၃။ နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရသော နိုင်ငံရေးပြဿနာများ၊ တိုင်းရင်းသားဒေသများ တွင် ကျူးလွန်သော စစ်ရာဇဝတ်မှုများ နှင့် လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးမှုများအားလုံး၏ လက်သည်တရားခံမှာ စစ်တပ်က နိုင်ငံအား ဗိုလ်ကျစိုးမိုးလိုမှု နှင့် ယင်းအလိုဆန္ဒအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ကာကွယ်ထားမှုတို့ပင်ဖြစ်သည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် နှင့် စစ်အာဏာသိမ်းသံသရာ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံ တော်တည်ဆောက်နိုင်ရေးအတွက် အောက်ဖော်ပြပါ နိုင်ငံရေးရည်မှန်းချက်များကို ချမှတ်လိုက်သည်။

(၁) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး

(၂)  သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး

(၃) ဒီမိုကရေစီရရှိရေး

(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖော်ပြပါ နိုင်ငံရေးရည်မှန်း ချက်များ အပြည့်အဝ အောင်မြင်စေရေးအတွက်   တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲကာ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013