
ပဲခူးတိုင်းအစိုးရအဖွဲ့ဝန်ကြီး စည်ပင်ဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ကို မတ် ၄ ရက်နေ့က သဘာဝဘေးဆိုင်ရာပုဒ်မနဲ့ စွဲချက်တင်လိုက်တယ်လို့ သိရပါတယ်။
စစ်တပ်ကနေ အာဏာစတင်သိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်ကတည်းက ဖမ်းဆီးခံရတဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး စည်ပင်ဝန်ကြီး ဒေါက်တာစောညိုဝင်း နဲ့ ပဲခူးတိုင်း အန်အယ်ဒီဥက္ကဋ္ဌလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးသိန်းဒန် တို့၂ ဦးကို မနေ့က ပဲခူးမြို့နယ် တရားရုံးကနေ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ video conferencing နဲ့ ရုံးထုတ်စစ်ဆေးပြီး စွဲခိက်တင်လိုက်တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက ပြောပါတယ်။
“ပထမကြားထားတာက အခုစွဲချက်အတင်ခံရတဲ့ စည်ပင်ဝန်ကြီးဒေါက်တာစောညိုဝင်း တိုင်းဥက္ကဋ္ဌ ဦးသိန်းဒန်တို့နဲ့အတူ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရီတို့ကို ဒီကနေ့ ရုံးထုတ်မယ်လို့ သိထားရပေမယ့် လွှတ်တော်ဥက္ကဋ္ဌကိုတော့ လက်ပံတန်းဘက်မှာသွားလားမသိဘူး။”
စည်ပင်ဝန်ကြီးနဲ့ ဦးသိန်းဒန်တို့ကို နောက်ရုံးချိန်းအတွက် ရီမာန် ၂ ပတ်ပေးလိုက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးမြတ်နဲ့အတူ ရှေ့နေပါဝါရယူထားပြီး တရားရုံးမှာ ပါဝါတင်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၉ က်နေ့က ဆန္ဒပြလမ်းကြောင်းမှာ အဖမ်းခံလိုက်ရတဲ့ ပဲခူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေအပါအဝင် ၉ ဦးကိုတော့ အခုလာမယ့်မတ်လ ၈ ရက်နေ့မှာ ရုံးထုတ်ရှိတယ်လို့ သိရပါတယ်။