
ပခုက္ကူမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လယ်ထွန်စက်တွေနဲ့အတူ ဆန္ဒထုတ်ဖော်ပွဲတွေကို ၁၃ ရက်မြောက်တဲ့အထိ ဆက်လက်ပြုလုပ်နေပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ အင်အားဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတုန်းက သတင်းတစ်ပတ်ရဲ့ ရုံးတက်ရက် နောက်ဆုံးရက်ဖြစ်တဲ့ သောကြာနေ့ ဖြစ်တာကြောင့် လူအင်အား ၄ သိန်းခွဲလောက်အထိ ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၀ ရက် စနေနေ့မှာတော့ လူအင်အား ၅ သောင်းကျော်လောက်သာ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒထုတ်ဖော်မှု ၁၃ ရက်မြောက်နေ့မှာ ကျောင်းသားလူငယ်တွေ ပါဝင်တဲ့ စစ်ကြောင်းနဲ့ ပြည်သူတွေ ပါဝင်တဲ့ သပိတ်စစ်ကြောင်း နှစ်ကြောင်းခွဲထွက်ပြီး မြို့တွင်းလမ်းမတွေပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြဝာာလို့ ပြည်သူတဦးက ပြောပါတယ်။
“ဒီနေ့ကတော့ ပြည်သူတွေသက်သက်သွားတဲ့ စစ်ကြောင်းရယ်၊ ကျောင်းသားလူငယ်တွေ ဦးဆောင်သွားတဲ့ စစ်ကြောင်းရယ်၊ စစ်ကြောင်းနှစ်ကြောင်းမှာ ဒီနေ့ ဦး ထင်တာတော့ ငါးသောင်းခွဲလောက်ပဲ ရှိမယ် ထင်တယ်။ ဒီနေ့က ရုံးပိတ်ရက်လည်း ဖြစ်တယ်လေ။ မနေ့ကဆိုရင် လေးသိန်းခွဲလောက်ရှိမယ် ထင်တယ်။ အရင်နေ့တွေကဆိုရင် ငါးသိန်းခွဲ ခြောက်သိန်းလောက်အထိ ရောက်ခဲ့တယ်။ နေ့စဉ်ရက်ဆက်ကြီးဆိုတော့ ၁၄ ရက်လောက်ရှိပြီ။ တစ်နေ့ သွားလိုက်၊ တနေ့ နားလိုက်နဲ့ သူတို့ အားထည့်သွားရမယ့်အချိန်ကို တိုင်ပင်ညီကြတာ။ အဲဒီလိုတွေ ဖြစ်နေကြတာ။ ဒီနေ့တော့ ငါးသောင်းခွဲလောက်ပဲ ရှိမယ်ထင်တယ်” လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုကို ပါဝင်လှုပ်ရှားသူတစ်ဦးကလည်း ခေါင်းဆောင်တွေကို ဖမ်းဆီးထားတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူတဦးက “ကျနော်တို့ ပြည်သူတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ။ ဒါတွေကို လုံးဝမသိကျိုးကျွံပြုပြီးတော့မှ ကျနော်တို့ ခေါင်းဆောင်တွေကို ဖမ်းလိုက်တယ်ဆိုကတည်းက ပြည်သူတရပ်လုံးကို စော်ကားလိုက်တာပဲဗျ။ အတိအလင်း စော်ကားလိုက်တာပဲဗျ။ အဲဒီလို စော်ကားလိုက်တာကို ခံပြင်းလွန်းလို့ ကျနော်တို့ ဆန္ဒဝင်ပြတာပါ” လို့ ပြောပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ လ.ဝ.က ရုံးတွေရှေ့မှာ ရုံးဖွင့်ရက်တွေမှာတုန်းက အထိုင်သပိတ်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာတွေ ရှိသလို သပိတ်စစ်ကြောင်းတွေလည်း လှည့်လည် ဆန္ဒထုတ်ဖော်တာတွေ ရှိပါတယ်။