
မကွေးမြို့မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု လူဦးရေ ၄ သိန်းလောက် ချီတက်ဆန္ဒပြခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးထားပါတယ်။
မကွေးမြို့ အဝေရာလမ်းနဲ့ ပြည်တော်သာလမ်း မီးပွိုင်မှာ ဆန္ဒပြအဖွဲ့ကို ရဲတပ်ဖွဲ့က လေးဘက်လေးတန် ပိတ်ဆို့ထားတာကြောင့် ထိုင်သပိတ်ဆင်နွှဲနေကြပြီး ဆန္ဒပြခေါင်းဆောင်တွေနဲ့ ရဲတပ်ဖွဲ့အကြီးအကဲတွေ ညှိနှိုင်းပေမယ့် ပြေလည်မှုမရရှိသေးပါဘူး။
ဆန္ဒပြတဲ့အဖွဲ့တွေကလည်း လေးဘက်လေးတန်ကနေ စုပေါင်းချီတက်ပြီး လမ်းဖွင့်ပေးဖို့ တောင်းဆိုတဲ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
မကွေးတက္ကသိုလ်ရှေ့မှာတော့ ကျောင်းသားလူငယ်တွေနဲ့ ဂီတပညာရှင်တွေ၊ အနုပညာရှင်တွေ ထိုင်သပိတ်ပြုလုပ်ပြီး စစ်အဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အတည်ပြုပေး စတဲ့ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြနေကြတာပါ။
သတင်း-မင်းထီး










