
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ မြို့ခံပြည်သူလူထုတွေက ဆက်လက်ဆန္ဒပြနေကြပါတယ်။
ဒီကနေ့ (၁၃) ရက်မြောက်နေ့အဖြစ် ဆန္ဒပြရာမှာ မြဝတီမြို့အမှတ်(၁)ရပ်ကွက် စိန်နဂါးဟိုတယ် အရှေ့ဘက်မှာ မနက် ၉ နာရီလောက်က ဆန္ဒပြသူတွေလူစုပြီး မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြရာမှာ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဒို့အရေး၊ ဖမ်းဆီးထားသော ခေါင်းဆောင်များ ပြန်လွတ်ပေးရေး နဲ့ ပြည်သူ့ အာဏာပြည်သူ့ပြန်ပေးစတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတာပါ။
မြဝတီမြို့မှာ စစ်အစိုးရကိုဆန့်ကျင် ဆန္ဒထုတ်ဖေါ်တဲ့ ခေါင်းဆောင်တွေအပါဝင် အယောက် ၂၀ ထက်မနည်း ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ မြဝတီမြို့သတင်းမီဒီယာတွေက တစ်ဆင့်သိရပါတယ်။










