
မန္တလေးတိုင်း သာစည်မြို့နယ် ဟံဇားရွာမှာ ဖေဖော်ဝါရီ ၁၇ရက်က တိုက်နယ်ပြည်သူ့ဆေးရုံ ရှိ ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်သွားတာကြောင့် တပ်မတော်ကျန်းမာရေးအဖွဲ့ ၃ ဦး ရောက်လာတာကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ လူဦးရေ ၆၀၀ ကျော်က ဆေးရုံရှေ့မှာ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆန္ဒပြသူအမျိုးသားတစ်ဦးက "အခု ဆန္ဒပြနေတာကတော့ တပ်မတော်ဆေးဝန်ထမ်း ၃ ဦး လာပြီး ဆေးရုံဖွင့်ပါတယ်။ ဟံဇားတိုက်နယ်ဆေးရုံက CDM လုပ်ထားတာပါ။ ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းတွေ CDM လုပ်သွားပါတယ်၊ တပ်ကလာဖွင့်တာ လက်မခံနိုင်ပါဘူး၊ ဒါကြောင့် ဆန္ဒပြနေတာပါ" လို့ DVBကို ပြောပါတယ်။
ဆန္ဒပြသူအမျိုးသမီးတစ်ဦးက "တပ်က ဆေးဝန်ထမ်းတွေကို ကျမတို့ရွာက လက်မခံပါဘူး။ CDM လုပ်ထားတဲ့ ဆေးရုံကို တပ်က လာဖွင့်တဲ့အတွက် အခုလို လာရောက်ဆန္ဒပြရတာပါ" လို့ ပြောပါတယ်။
ဆန္ဒပြသူအမျိုးသားတစ်ဦးက "ရွာခံတချို့နဲ့ပေါင်းပြီး ဆေးရုံပြန်ဖွင့်တယ်။ CDM လုပ်ထားတဲ့ ဆေးရုံဖြစ်တဲ့အတွက် ပြည်သူ့အစိုးရ မတက်မချင်း ဆေးရုံဖွင့်တာကို မထောက်ခံပါဘူး။ ဒါကြောင့် ဆန္ဒပြနေတာပါ" လို့ ပြောပါတယ်။
ဆန္ဒပြသူအမျိုးသမီးတစ်ဦးက "ကျမတို့ ကျေးရွာရဲ့ ခွင့်ပြုချက်မရှိဘဲ တပ်က ဆေးရုံဝင်းတံခါး သော့ရိုက်ဖျက်ပြီး ဝင်တာပါ။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြနေတာပါ" လို့ ပြောပါတယ်။
"CDM လုပ်ထားတဲ့ ဆေးရုံပြန်ဖွင့်တာ အလိုမရှိ အလိုမရှိ၊ ဆေးရုံအုပ်ကြီးမရှိတဲ့ ဆေးရုံပြန်မဖွင့်ရေး၊ စတဲ့ကြွေးကြော်သံတွေနဲ့ တပ်ကျန်းမာရေးအဖွဲ့ ပြန်ထွက်သွားဖို့ ၂ နာရီကျော်ကြာ ငြိမ်းချမ်းစွာထိုင်သပိတ်နဲ့ ဆန္ဒဖော်ထုတ်ကြပါတယ်။
သာစည်မြို့နယ် ဟံဇားတိုက်နယ်ဆေးရုံဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာပါ။
တပ်မတော်ဆေးဝန်ထမ်းတွေဟာ ရွာခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာမရှိဘဲ ရွာခံတချို့နဲ့ ပူးပေါင်းပြီး တိုက်နယ်ဆေးရုံထဲ အတင်းဝင်ရောက်လာတာကို ရွာသူရွာသားတွေက မကျေမနပ် ဖြစ်နေတာကြောင့် ပြန်လည်ထွက်ခွာသွားဖို့ ဆန္ဒထုတ်ဖော်ပြသနေကြတာပါ။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း










