
မန္တလေးတိုင်း ဝမ်းတွင်းမြို့ မြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတဲ့ တပ်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုရရှိရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို တရားလိုဘက်က အမှုရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့ရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက "ဒီနေ့ပဲ တရားလိုက အမှုရုပ်သိမ်း ပါတယ်။ အမှုပြီးပြတ်သွားလို့ ၃ ဦးလုံး လွတ်သွားပါပြီ" လို့ DVBကို ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့လယ်က လူအင်အား ၂၇ ဦးနဲ့ ဝမ်းတွင်းမြို့ အမှတ် ၃ ရပ်ကွက် ပြည်သူ့ အားကစားကွင်းက စတင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ရာ အမှတ် ၂ ရပ်ကွက် မေခလာ ဟစ်တိုင်ကွင်းမှာ ငြိမ်းချမ်းစွာစုဝေးဟောပြောခဲ့ပြီး ဝန်းရံလူအင်အား ၃၀၀ ကျော်သွားတာကြောင့် ဦးဆောင်သူ ဦးမောင်ဆင့်၊ ဦးသန်းဆွေနဲ့ ဦးဇော်မင်းတို့ ၃ ဦးကို ပုဒ်မ ၃ ခုနဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။
တောင်ဆည်ရွာနေ ဦးသန်ဆွေကတော့ ဇန်နဝါရီ ၁၇ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပြီး ရွှဲသီးရွာနေ ဦးဇော်မင်း နဲ့ တဲစုရွာနေ ဦးမောင်ဆင့်တို့ကတော့ တိမ်းရှောင်သွားခဲ့ရာမှ ဇန်နဝါရီ ၂၅ ရက်က လာရောက်အဖမ်းခံကြတာလို့ သိရပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးက သတ်မှတ်ထားသောစည်းကမ်းတရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်တာ ကြောင့် တရားလိုလုပ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) နဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညနေမှာတော့ တရားလို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူးတို့က အမှုရုပ်သိမ်းပေးခဲ့တာကြောင့် မြို့နယ်တရားသူကြီးက စွဲချက်မတင်မီ အမှူရုပ်သိမ်းခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း