
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက မျက်စိဝေဒနာ ခံစားနေရတဲ့ စစ်ရှောင်တွေကို တတိယအကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ပြီး ခွဲစိတ်ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သြဂုတ်လ ပထမအပတ်တွင်းက စစ်တွေခရိုင်ရှိ စစ်ရှောင်စခန်းတခုမှာ မျက်စိဝေဒနာ ခံစားနေရတဲ့ လူနာ ၆၇၈ ယောက်ကို စက်ကိရိယာတွေနဲ့ စမ်းသပ်ပြီး အဲဒီအထဲကမှ မျက်စိခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာ ၁၅၂ ယောက်ကို တွေ့ရှိခဲ့ပြီး အဆိုပါလူနာထဲက ၅၈ ယောက်ကို တခါတည်း အောင်မြင်စွာ ခွဲစိတ်ပေးခဲ့တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“လူနာတွေက စမ်းသပ်ရတာ များတယ်။ နောက်ပြီး ခွဲလည်းခွဲစိတ်ရတော့ နည်းနည်းကြာသွားတယ်။ ဒါပေမဲ့ နောက်ထပ် ခွဲစိတ်ဖို့ကျန်တဲ့ လူနာတွေကိုလည်း အချိန်အနည်းငယ်အတွင်းမှာ ပြန်ခွဲစိတ်ပေးမယ်။”
အလားတူ ပါဝါမျက်မှန်တပ်ဖို့ လိုအပ်တဲ့ မျက်စိဝေဒနာရှင် ၉၆ ယောက်ကိုလည်း လူနာတယောက်ချင်းစီရဲ့ မျက်စိပါဝါနဲ့ ကိုက်ညီတဲ့ မျက်မှန်တွေကို တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက နယ်ဘက်ဆင်းလာပြီး မျက်စိဝေဒနာရှင်တွေကို အခမဲ့ ခွဲစိတ်ကုသမှုထိ ဆေးဝါးကုသပေးခဲ့တဲ့အတွက် ခွဲစိတ်ထားတဲ့ မိသားစုဝင်တယောက်ကလည်း ဝမ်းသာရကြောင်း ပြောပါတယ်။
“မျက်စိ နေမကောင်းတာ ကြာပါပြီ။ ဆေးကုဖို့မပြောနဲ့၊ စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေရတာပါ။ အခုတော့ ကျန်းမာရေးဌာနက အခုလို အခမဲ့ ဆေးကုပေးတော့ အတိုင်းမသိ ဝမ်းသာမိတယ်။ နောက်ထပ် ရှိတဲ့ လူနာတွေအတွက်လည်း ဝမ်းသာမိတယ်။”
စစ်တွေမြို့နယ်က စစ်ရှောင်လာကတည်းက သူ့ယောက်ျားဟာ မျက်စိမှုန်ဝါးနေပြီး ငါးရှာ ဟင်းရှာရင်လည်း အမြင်အာရုံမရတဲ့အတွက် သူ့အမျိုးသမီးက ကလေး ၂ ယောက်နဲ့အတူ မိသားစု ၄ ယောက်စာကို ဦးဆောင် ရှာဖွေကျွေးနေရကာ အခုတော့ လင်ယောကျ်ား မျက်စိမြင်ရတော့မှာဖြစ်လို့ အတိုင်းမသိ ပျော်ရွှင်ရတယ်လို့ အသက် ၃၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
အလားတူ မေလ တတိယအပတ်ကလည်း အာရက္ခပြည်တွင်းရှိ စစ်ရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင်လူ နာ ၂၂၃ ယောက်ကို ကုသပေးခဲ့ရာ အဲဒီအထဲက မျက်စိအတွင်းတိမ်လူနာ ၃၃ ယောက်၊ မျက်သားခြစ်လူနာ ၅ ယောက်နဲ့ ပါဝါမျက်မှန်တပ် လူနာ ၂၁ ယောက်၊ စုစုပေါင်း လူနာ ၅၉ ယောက်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပါတယ်။
ဧပြီလ ပထမအပတ်ကလည်း အာရက္ခပြည်အတွင်းရှိ စစ်ရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင် လူနာ ၂၀၀ ဝန်းကျင်ကို ကုသပေးခဲ့ရာ အဲဒီအထဲက လူနာ ၂၇ ယောက်ကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ပထမအကြိမ်အဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခဲ့ပါတယ်။











