
မြစ်ကြီးနား စီးပွားရေးဘဏ်ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်း ပါဝင်လာကြဖို့ ပြည်သူလူထုက မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်နေချိန်မှာ မြန်မာ့စီးပွားရေးဘဏ်ဝင်းအတွင်း ဘဏ်ရှေ့မျက်နှာစာ ဧရိယာတွေမှာ ဆန္ဒထုတ်ဖော်သူတွေ ဝင်ရောက်ခြင်းမပြုနိုင်အောင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လမ်းပိတ်တားဆီးထားတာတွေရှိပြီး ဘဏ်မှာ ငွေသွင်း ငွေထုတ် လာရောက် လုပ်ကိုင်နေသူတွေကို တွေ့ရပါတယ်။
“ဘဏ်ဝန်ထမ်းတွေအနေနဲ့ အလုပ်ပြုတ်လို့ရှိရင်လည်း ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ အခြားအလုပ် လုပ်လို့ရတယ်။ စစ်အစိုးရအနေနဲ့ လက်နက်ကိုင်ပြီး စာရင်းဇယားတွေ လုပ်လို့မရပါဘူး” လို့ CDM မှာပါဝင်ဖို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဆန္ဒထုတ်ဖော်သူများဟာ ‘ရုံးမတက်နဲ့ ရုန်းထွက်’၊ ‘အာဏာရှင်များ ပြုတ်သွားအောင် CDM ကို လုပ်ကြ လုပ်ကြ’ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ မွန်းတည့် ၁၂ နာရီအထိ ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်ကလည်း အလားတူ ဆန္ဒထုတ်ဖော်ရာမှာ ရဲတပ်ဖွဲ့ မော်တော်ယာဉ်နဲ့ တပ်မတော်က စစ်ကား water gun၊ တပ်မော်တော်ယာဉ်တွေနဲ့ ရောက်လာတဲ့အတွက် ဆန္ဒပြ တောင်းဆိုသူတွေဟာ မွန်းတည့် ၁၂ နာရီမှာ လူစုခွဲခဲ့ကြပါတယ်။










