DVB Logo
Home
မြန်မာသတင်း
သက်သေမပါဘဲ ဖမ်းဆီးရန်နှင့် ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်နိုင်ရန် ဥပဒေတချို့ ပြင်ဆင် ရပ်ဆိုင်း
DVB
·
February 14, 2021
သက်သေမပါဘဲ ဖမ်းဆီးရန်နှင့် ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်နိုင်ရန် ဥပဒေတချို့ ပြင်ဆင် ရပ်ဆိုင်း
1 / 3
Donate to DVB

လူတွေရဲ့ တရားဝင်ပိုင်ဆိုင်တဲ့ ပစ္စည်းကို သိမ်းယူနိုင်ဖို့၊ ဘယ်သူ့ကိုမဆို သက်သေမပါဘဲ ဖမ်းနိုင်ဖို့၊ ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်နိုင်ဖို့ စတာတွေအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေတချို့ကို ပြင်ဆင် ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနဲ့ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်လိုက်တာပါ။

ရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေမှာ ဧည့်စာရင်းတိုင်ဖို့နဲ့ မတိုင်ရင် ငွေကျပ် ၁၀,၀၀၀ ထက် မပိုတဲ့ငွေဒဏ်၊ ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ချရမယ်လို့ ပြင်ဆင်ပါတယ်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေမှာတော့ ပုဒ်မ ၅၊ ၇ နဲ့ ၈ တို့ကို ရပ်ဆိုင်းထားရမယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ အရေးပေါ်ကြေညာထားချိန်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို လိုအပ်သလို ကန့်သတ် ရပ်ဆိုင်းထားနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အရ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုရပ်ဆိုင်းလိုက်တဲ့ ပုဒ်မတွေမှာ ပြဋ္ဌာန်းထားတာတွေကတော့ “ပုဒ်မ ၅။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည်-

(က) တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်။

(ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ် အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေ တရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူး ဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံး သက်သေနှစ်ဦးနှင့်အတူ ဆောင် ရွက်ရမည်” လို့ ဆိုထားပါတယ်။ 

ဒါကြောင့် လူတွေရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမယ်ဆိုရင် သက်သေမခေါ်ရင်လည်း ရသွားမှာ ဖြစ်ပါတယ်။

“ပုဒ်မ ၇။ မည်သူမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ” ဒါကြောင့် တရားရုံးက ခွင့်ပြုစရာမလိုဘဲ ချုပ်နှောင်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

“ပုဒ်မ ၈။ တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲ ဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ-

(က) နိုင်ငံသားတစ်ဦး၏နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအားဖမ်းဆီးခြင်းမပြုရ။

(ခ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရ။

(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရ။

(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ။

(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့် စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။

(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။

(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော် လည်းကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း မပြုရ။”

ဒီပုဒ်မကို ရပ်ဆိုင်းတာကြောင့် ဝရမ်းမလိုဘဲ လူတွေကို ဝင်ရောက်ဖမ်းဆီးတာ၊ နောက်ယောင်ခံတာ၊ ဆက်သွယ်ပြောဆိုတာတွေကို ကြားဖြတ်နားထောင်တာ၊ ဖောက်ဖွင့်ကြည့်တာ၊ တရားဝင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေကို သိမ်းယူတာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013