အီရန်နဲ့ စစ်ပွဲဆင်နွှဲနေသလို ယူကရိန်း ငြိမ်းချမ်းရေးညှိနှိုင်းမှုလည်း မအောင်မြင်သေးပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ပြောကြားခဲ့ပြီး ဆုရမယ်လို့တော့ မထင်ကြောင်း မှတ်ချက်ပေးပါတယ်။
၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကို နော်ဝေနိုဘယ်လ်ကော်မတီက အောက်တိုဘာ ၉ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။
ဝါရှင်တန်မြို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ထရမ့်ပ်က “အခုဆို ဒီဆုရဖို့ အချိန်တန်နေပြီ” လို့ ပြောပါတယ်။
“ဒါပေမဲ့ မနှစ်က ဆုရရှိသူက သမိုင်းတလျှောက် သမ္မတထရမ့်ပ်ထက် ဒီဆုနဲ့ ပိုထိုက်တန်သူ မရှိဘူးလို့ ပြောခဲ့ပြီး သူ့ဆီကနေတဆင့် သွယ်ဝိုက်တဲ့နည်းနဲ့ ဆုရခဲ့တဲ့အတွက် ကျုပ် အရမ်း ဂုဏ်ယူပါတယ်” လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ဗင်နီဇွဲလားအရေး အမေရိကန်ရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းနေစဉ် ဒီနှစ် ဇန်နဝါရီမှာ သူရရှိထားတဲ့ နိုဘယ်လ်ဆုတံဆိပ်ကို ထရမ့်ပ်ဆီ ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဆုတံဆိပ်ကို လွှဲပြောင်းပေးအပ်လို့ရပေမဲ့ နိုဘယ်လ်ဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ လွှဲပြောင်းပေးလို့ မရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက ရှင်းလင်းထားပါတယ်။
ထရမ့်ပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ သမ္မတတာဝန် ပြန်လည်ထမ်းဆောင်ပြီးနောက်ပိုင်း နိုင်ငံတကာပဋိပက္ခ ရှစ်ခုကို ဖြေရှင်းပေးခဲ့တာကြောင့် နိုဘယ်လ်ဆုနဲ့ ထိုက်တန်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်က ဖြေရှင်းပေးခဲ့တယ်လို့ ဆိုတဲ့ ပဋိပက္ခတချို့မှာ သူ့ရဲ့အခန်းကဏ္ဍကို သက်ဆိုင်ရာဘက်တွေက ငြင်းဆိုထားပြီး ကမ္ဘောဒီးယား-ထိုင်းနယ်စပ်နဲ့ ကွန်ဂိုမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ ဒုတိယသက်တမ်း စတင်တဲ့နေ့မှာပဲ ယူကရိန်းစစ်ပွဲကို အဆုံးသတ်မယ်လို့ ကတိပေးခဲ့ပေမဲ့ အခုအချိန်အထိ မအောင်မြင်သေးသလို အီရန်နဲ့ စစ်ပွဲကြောင့်လည်း ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။











