
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆/၇ နယ်မြေရှိ ကျေးရွာ ၅၀ ကျော်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသားဒေသခံတွေ မြို့ပေါ် တက်လာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းတွေနဲ့ ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်မှု ၄ ရက်မြောက်နေ့မှာ ဒေသတွင်း ကရင်အပစ်ရပ်လက်နက်ကိုင် နယ်မြေက တိုင်းရင်းသားပြည်သူတွေ၊ ကော့ကရိတ်မြို့ကိုလာရောက်ပြီး သပိတ်စစ်ကြောင်းတွေနဲ့ အသီးသီး စတင်လာရောက် ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒီနေ့ ဆန္ဒပြပွဲမှာ ကော့ကရိတ်မြောက်ပိုင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ကျေးရွာ တတန်ကူး၊ အံဖကြီးကျေးရွာအုပ်စု ၂၀ ကျော်မှ ကရင်တိုင်းရင်းသားဒေသခံတွေ၊ ကော့ကရိတ်တောင်ပိုင်း ကေအန်ယူ တပ်မဟာ ၇ နယ်မြေ ကျေးရွာတွေဖြစ်တဲ့ နဘူး၊ ထီဖိုးစံဂွင်က ကျေးရွာ ၃၀ ကျော်မှ ဒေသခံတွေ လည်း ပူးပေါင်း ပါဝင်ပါတယ်။










