DVB Logo
Home
မြန်မာသတင်း
VOA ဒါရိုက်တာ စွဲဆိုထားသည့်အမှုကို အယူခံတရားရုံး၌ နှစ်ဖက်လျှောက်လဲချက်တင်
DVB
·
April 24, 2026
DC အယူခံတရားရုံး။ (Photo: DVB / သုတချမ်းသာ)
DC အယူခံတရားရုံး။ (Photo: DVB / သုတချမ်းသာ)
Donate to DVB

ဒေသစံတော်ချိန် ဧပြီ ၂၃ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီ အယူခံ တရားရုံးမှာ VOA ဒါရိုက်တာကို အလုပ်ကနေ ထုတ်ပယ်တဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး နှစ်ဖက် ကြားနာခဲ့ပါတယ်။

VOA ယန္တရားတခုလုံးကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ ဥပဒေနဲ့မညီတာကြောင့် တရားမဝင် ဘူး ဆိုပြီး VOA ဒါရိုက်တာ အေဗရာမိုဝဇ် စွဲဆိုတဲ့ဘက်ကနေ ဒီစီဖက်ဒရယ်တရားရုံးက ရပ်တည်ခဲ့ တာဖြစ်ပြီး ရလဒ်ကို မကျေနပ်တဲ့အတွက် ထရမ့်ပ်အစိုးရရှေ့နေတွေက အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။

အယူခံတရားရုံးမှာ တရားသူကြီးတွေရဲ့ ထောက်ပြချက်တွေ၊ မေးခွန်းတွေဟာ ထရမ့်ပ်အစိုးရ ရှေ့နေ တွေကို အကျပ်ရိုက်စေခဲ့တာ တွေ့ရပါတယ်။

ရုံးချိန်းသတင်းနဲ့ပတ်သက်ပြီး အဓိကအားဖြင့် ဥပဒေပြဋ္ဌာန်းခြင်းနဲ့ တည်ရှိခြင်းတွေရဲ့ ရည်ရွယ်ချက် တွေကို ထရမ့်ပ်အစိုးရက ပျက်ပြားစေခဲ့တယ်လို့ အယူခံတရားသူကြီးတွေက မှတ်ချက်ပေးခဲ့ ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

VOA မြန်မာပိုင်း သတင်းတင်ဆက်သူ မအင်ကြင်းနိုင်က “အယူခံတရားရုံးက တရားသူကြီးတွေရဲ့ မေးခွန်းတွေကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေးကို ထိထိရောက်ရောက်ရှိတယ်။ ထရမ့်ပ် အစိုးရဘက်က ရှေ့နေရဲ့ လျှောက်လဲချက်ကလည်း VOA ဒါရိုက်တာကို အစိုးရ ထုတ်ပယ် ပိုင်ခွင့် ရှိဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အဲဒီလို ထုတ်ပယ်ပိုင်ခွင့် ရှိအောင်လည်း VOA နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြန်ပြီးသုံးသပ်ဖို့ဆိုတဲ့၊ အဓိကကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့် ပိုပြီး ရှိနိုင်ဖို့အတွက် တင်ပြသွားတယ်လို့ ကျမကတော့ နားလည်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၅ မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံး ဖြစ်အောင်ထားဖို့ ညွှန်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ခဲ့တာပါ။

ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်ကထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဝန်ထမ်းတွေဘက်က တရားစွဲ ဆိုတာတွေ ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

VOA ဝန်ထမ်းတွေဘက်က USAGM ကို စွဲဆိုထားတဲ့အမှု ၃ ခုအထိ ရှိနေပြီး ပထမအမှုကတော့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကနေ ရပ်နားခဲ့တာဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး အလုပ်သမားဥပဒေကိုလည်း အစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

ဒုတိယအမှုကတော့ VOA ယန္တရားတခုလုံးကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ ဥပဒေနဲ့ မညီတာကြောင့် တရားမဝင်ဘူးဆိုပြီး VOA ဒါရိုက်တာ အေဗရာမိုဝဇ်က စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

တတိယအမှုကတော့ သမ္မတထရမ့်ပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ခဲ့တဲ့ USAGM တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းလွတ်လပ်ခွင့်၊ တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ ကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ထမ်းတွေက ၂၀၂၆ မတ် ၂၃ ရက်မှာ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013