DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုမတိုင်ခင် IMF က မြန်မာအတွက် ဒေါ်လာ သန်း ၃၅၀ လွှဲပေးခဲ့
DVB
·
February 10, 2021
စစ်အာဏာသိမ်းမှုမတိုင်ခင် IMF က မြန်မာအတွက် ဒေါ်လာ သန်း ၃၅၀ လွှဲပေးခဲ့
Donate to DVB

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံကိုကူညီဖို့ အရေးပေါ်အကူအညီအဖြစ် အာဏာသိမ်းခံ အရပ်သားအစိုးရကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က အမေရိကန် ဒေါ်လာ သန်း ၃၅၀ ဖိုးငွေသားတွေ အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ ပေးပို့ခဲ့တယ်လို့ တူဒေးအွန်လိုင်း သတင်းဌာနက ဖော်ထုတ် အစီရင်ခံလိုက်ပါတယ်။

အနှောင်အဖွဲ့မပါတဲ့ ဒီရန်ပုံငွေတွေဟာ အမြန်ဆိုးရွားလာနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးအတွက် အခြေအနေ သတ်မှတ်ချက် မရှိသလောက်နဲ့ ထောက်ပံ့တဲ့ ဘဏ္ဍာငွေထောက်ပံ့ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်မှာ IMF ဘုတ်အဖွဲ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ရက်ပိုင်းအကြာမှာပဲ စစ်တပ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ကို အာဏာသိမ်းပြီး ရွေးကောက်ခံ အစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အစိုးရ အရာရှိတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရက ဒီဖြစ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ် ဖေဖော်ဝါရီ ၂ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ IMF ဟာ ထုတ်ပေးထားပြီးသား ရန်ပုံငွေတွေကို ပြန်ယူဖို့ လုပ်နိုင်တာနည်းနည်းပဲ ရှိပုံရတယ်လို့ ဒီငွေချေမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးပညာရှင်တွေက ပြောပါတယ်။

IMF ပြောခွင့်ရက “ကျနော်တို့ဟာ ပြန်ပြီး ဘွာတေးခတ်လို့မရတော့တဲ့ ဖြစ်ရပ်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်။ မြန်မာပြည်သူတွေနဲ့ စီးပွားရေးအပေါ် ဒီဖြစ်ရပ်ရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နက်နက်နဲနဲ စိုးရိမ်တယ်”လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အရင်အပတ်ကမှ ငွေတွေ ပေးချေလို့ ပြီးစီးခဲ့တာလို့လည်း သူက အတည်ပြုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်ကမှ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတွက်တော့ ဒါဟာ ပထမဆုံး နိုင်ငံတကာအကျပ်အတည်းကို ရင်ဆိုင်ရတာဖြစ်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အစိုးရဌာနကလည်း မြန်မာနိုင်ငံဆီ နိုင်ငံခြား အထောက်အပံ့တွေကို ပြန်သုံးသပ်မယ်လို့ ပြောပါတယ်။

အမေရိကန်ဟာ IMF ထဲမှာ သြဇာကြီးတဲ့ ရှယ်ယာပိုင်ရှင်လည်း ဖြစ်ပြီး ပြီးတဲ့ ၇ လကျော် အတွင်း ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ပေးခဲ့တာပါ။

အရင်သီတင်းပတ်က ထောက်ပံ့ငွေက IMF ရဲ့ Rapid Credit Facility ကတဆင့် အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၆ သန်းနဲ့ Rapid Financing Instrument အောက်ကနေ အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၄ သန်း ဘဏ္ဍာရေးထောက်ပံ့ခဲ့ပါသေးတယ်။

မနှစ်က ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ကူးစက်ပြီးတည်းက IMF ဟာ နိုင်ငံ ၈၀ ဆီကို အရေးပေါ် ဘဏ္ဍာရေး အထောက်အပံ့တွေ ပေးခဲ့ပြီးပါပြီ။

မြန်မာနိုင်ငံဆီ နောက်ဆုံးပေးပို့ခဲ့ချိန်က ကံဆိုးသွားခဲ့တယ်လို့ ငွေပေးချေမှုတွေနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ် နှစ်ရပ်က ပြောပါတယ်။

IMF အနေနဲ့ အကောင်းဆုံး မျှော်လင့်နိုင်တာကတော့ အာဏာသိမ်းမှုကနေ ထွက်ပေါ်လာတဲ့ မြန်မာအစိုးရဟာ ဒီငွေတွေကို သင့်တော်အောင် သုံးမယ်ဆိုတာပဲ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာဟာ IMF နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို လိုလားတယ်လို့ သတင်းရင်းမြစ် တရပ်က ပြောပါတယ်။

IMF နဲ့ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရမယ့် အဖွဲ့အစည်းဟာ ဗဟိုဘဏ်လို့လည်း တူဒေး အွန်လိုင်းသတင်းဌာနက အစီရင်ခံပါတယ်။

ကိုးကား- TODAY ONLINE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013