
ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ၁၇ ယောက်၊ ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင်ထဲမှာ ၁၄ ယောက်နဲ့ စူရတ်ဌာနီခရိုင်ထဲမှာ ၁၃ ယောက် စုစုပေါင်း ၄၄ ယောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ပထမဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ည ၁၁ နာရီခွဲက အမှတ် ၁၃၄ နယ်ခြားစောင့်တပ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ နယ်မြေခံရဲနဲ့ လတ်ယာ့စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရာဇဝတ်မှုပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေတွင်း နယ်လှည့်စစ်ဆေးစဉ် ဆန်ခလပူရီမြို့နယ် နောင်လူး အုပ်စု နယ်မြေ ၈ ရှိ ကျွဲကောသီးခြံနောက်မှာ ပုန်းအောင်းနေသူ ၁၇ ယောက် တစုကို တွေ့ရှိခဲ့ပါတယ်။
သူတို့ဟာ ထိုင်းထဲဝင်လာတဲ့ အထောက်အထားတစုံတရာမရှိကြောင်းနဲ့ တာဝန်ရှိသူတွေက သူတို့ကို နမ့်ကစ်စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်ပြီး ထပ်မံစစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့ နယ်စပ်တောလမ်းမှ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း အသက် ၃၄ နှစ်ရွယ်ရှိ နိုင်ပြည့်စုံက ဦးဆောင်လမ်းပြ ခေါ်လာခဲ့ကြောင်း ထွက်ဆိုပါတယ်။
ဒုတိယဖြစ်စဉ်ကတော့ ဇွန် ၂၇ ရက် မနက် ၃ နာရီခွဲခန့်က ဖတ်ထလုန်းမြို့နယ် အာရှလမ်းမကြီး တာခ်ဆီလား-ထွန်းခနွန် လမ်းအပိုင်းမှာ အရေးပေါ်မီး မှိတ်တုတ်မှိတ်တုတ်ဖွင့်ပြီး ရပ်ထားတဲ့ မာစဒါပစ်အပ်ကားတစီကို သွားစစ်ချိန်မှာ ကားမောင်းသူက ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်မှာ ပြွတ်သိပ်ကြပ်ညပ် လိုက်ပါစီးနင်းလာသူ ၁၄ ယောက် တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ၄ နှစ်ရွယ် ကလေးငယ်လည်း ပါလာပြီး အားလုံးအထောက်အထားတစုံတရာမရှိတဲ့ မြန်မာနိုင်ငံသားတွေဖြစ် ပြီး မလေးရှားနိုင်ငံ ဆက်သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က အဆိုပါနေရာမှာ ယာဉ်တိုက်မှုဖြစ်လို့ ဖြတ်သန်းသွားလာသူတွေ အဆင်ပြေအောင် တာဝန်ရှိသူတွေက အချက်ပြမီးတွေဖွင့်ပြီး လမ်းရှင်းပေးနေတယ်၊ ဒါပေမဲ့ တရားမဝင်သူတွေ တင်ဆောင်လာတဲ့ ယာဉ်မောင်းသမားက ရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်လို့ အမြင်မှားပြီး ကြောက်လန့်တကြားနဲ့ ကားထဲကလူတွေ ထားရစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
နောက်ဖြစ်စဉ်တခုကတော့ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲမှာ ဇွန် ၂၇ ရက် ညက နယ်မြေထဲမှာ တရားမဝင်လုပ်သားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတာကြောင့် တာဝန်ရှိသူတွေဟာ စူရတ်ဌာနီ အမှတ် ၄၁ အဝေးပြေးလမ်းမပေါ်မှာ စောင့်ကြပ်စစ်ဆေးဖမ်းဆီးခဲ့ တာပါ။
သံသယရှိတဲ့ ကားတစီးကို တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးခဲ့ပေမဲ့ ကားက ရပ်မပေးဘဲ အရှိန်မြှင့် မောင်းထွက်သွားလို့ တာဝန်ရှိသူတွေက လိုက်ဖမ်းတာမှာ အဆိုပါကားဟာ ဘန့်နားတိုမ်းမြို့ ထာ့လွေရပ်ကွက်ထဲ မောင်းဝင်သွားပြီး လမ်းဘေးမှာ ရပ်လိုက်ပါတယ်။ ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာအမျိုးသား ၈ ယောက်၊ အမျိုးသမီး ၅ ယောက်၊ ပေါင်း ၁၃ ယောက် လိုက်ပါလာပြီး ကားမောင်းသမားကတော့ မှောင်ရိပ်ခိုကာ အနီးက ရာဘာတောထဲ ထွက်ပြေးပုန်းရှောင်သွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ထွက်ပြေးပုန်းရှောင်သူကို လိုက်လံစုံစမ်းဖမ်းဆီးသွားမှာ ဖြစ်သလို တရားမဝင် ဝင်လာသူတွေကို စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံကာ လဝက ဥပဒေနဲ့ အရေးယူသွားမယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
Source: Kanchanaburi News / JoCho News / Highway Police











