
မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) နေ့မှာ အလုပ်သမားအဖွဲ့အစည်းတွေက သဝဏ်လွှာအသီးသီးထုတ်ပြန်ပြီး ဖူလုံတဲ့ လုပ်ခလစာရရှိရေးအတွက် အဓိကထား တောင်းဆိုခဲ့ကြပါတယ်။
သဝဏ်လွှာနဲ့အတူ အလုပ်သမားထုအတွက် လိုအပ်တဲ့အချက်တွေကို ထည့်သွင်းတောင်းဆိုခဲ့ကြပြီး ဖူလုံတဲ့ လုပ်ခလစာရရှိရေးနဲ့ပတ်သက်လို့ အားလုံးက ဆန္ဒတထပ်တည်းရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS- TUsF) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမူနဲ့ ကုန်ဈေးနူန်းကြီးမြင့်တဲ့ဒဏ်ကို ကျနော်တို့ အလုပ်သမားတွေက အဓိက ရင်ဆိုင်ခဲ့ကြရပါတယ်။ လုပ်ခလစာနည်းပါးလို့ အများကြီးကျပ်တည်းနေပါတယ်” လို့ ပြောပါတယ်။
MICS-TUsF အနေနဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်လို့ စစ်တမ်းကောက်ယူခဲ့တာရှိပြီး အလုပ်သမားတယောက်အတွက် တရက်ကို ကျပ် ၁၅,၆၀၀ ရရှိမှ ဖူလုံနိုင်မယ့် အနေအထားရှိတယ်လို့ ဆိုပါတယ်။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကလည်း လက်ရှိကာလမှာ အလုပ်သမားတွေ အခြေခံရပိုင်ခွင့် ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်နေကြရသလို လူမှုစီးပွားဘဝကျပ်တည်းနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် လက်ရှိကုန်ဈေးနှုန်း နဲ့ ကိုက်ညီတဲ့ လုပ်ခရရှိရေး၊ လုပ်ငန်းခွင်ထဲ ဖိနှိပ်ခေါင်းပုံဖြတ်မှု အဆုံးသတ်ရေး၊ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိရေးတို့ကို STUM က တောင်းဆိုပါတယ်။
အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ၆ ခုကလည်း မေဒေးနေ့အတွက် စုပေါင်းတောင်းဆိုချက်တစောင် ထုတ်ခဲ့ပြီး နိုင်ငံတကာစံနှုန်း နဲ့ညီတဲ့ လုပ်ခရရှိရေးဆိုတဲ့အချက် ထည့်သွင်းထားပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ အတင်းအဓမ္မ စစ်မှုထမ်းစာရင်းသွင်းတာ၊ ဖမ်းဆီး၊ ပေါ်တာဆွဲတာတွေ ရပ်တန့်ဖို့ကိုလည်း အဓိကအချက်အနေနဲ့ ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းဖြစ်စဥ်မတိုင်ခင်က အလုပ်သမားအဖွဲ့အစည်းတွေက မေဒေးနေ့ အခမ်းအနားတွေကို နေရာအသီးသီး အကြီးအကျယ်လုပ်ခဲ့ကြသလို စီတန်းလှည့်လည်တောင်းဆိုမှုတွေ လုပ်ခဲ့တာရှိပါတယ်။
အာဏာသိမ်းပြီးနောက် အလုပ်သမားအဖွဲ့အစည်းတွေကို စစ်အုပ်စုက ပစ်မှတ်ထားအရေးယူတာတွေ လုပ်လာခဲ့လို့ သဝဏ်လွှာထုတ်ပြန် တောင်းဆိုတာကိုပဲ အဓိကလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။










