DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်ဟု စစ်ကောင်စီဒုဝန်ကြီးပြော
DVB
·
January 13, 2025
အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်ဟု စစ်ကောင်စီဒုဝန်ကြီးပြော
Donate to DVB

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အပြစ်ပေး အရေးယူဖို့ နီးကပ်လာချိန်မှာ အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ်ဆိုပြီး စစ်ကောင်စီခန့် အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်က ထုတ်ပြောလာပါတယ်။

ဦးဝင်းရှိန်က ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်ရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်တွေနဲ့ ဇန်နဝါရီ ၁၁ ရက်က တွေ့ဆုံရာမှာ အဲဒီအကြောင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနဲ့အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနတွေက လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး အခြေခံ အလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမားတွေရဲ့ ဆန္ဒသဘောထားအရ အဆင့်ဆင့် တည်ထောင်ဖွဲ့စည်းနိုင်တယ်လို့ ပြောခဲ့ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေကို ဖွဲ့စည်းရာမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဆက်ဆံရေးကောင်းမွန်စေဖို့၊ စနစ်တကျနဲ့ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်းလည်း သူက ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရာမှာ အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတဆင့် မှတ်ပုံတင်အရာရှိချုပ်ဆီ သတ်မှတ်ချက်နဲ့အညီ တင်ပြဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

အလုပ်အမှုဆောင်အဖွဲ့မှ အလုပ်သမားတွေကို ကိုယ်စားပြုဖို့နဲ့ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို အထောက်အကူပြုတဲ့ အရည်အချင်းမြင့် လုပ်သားတွေ ပေါ်ပေါက်စေရေးအတွက် လုပ်ငန်းခွင်သင်တန်းတွေ၊ ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်ဖို့လိုပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေး အလုပ်ရှင် နဲ့ ညှိနှိုင်းဖြေရှင်းခွင့်ရှိပြီး သဘောတူညီချက်မရရှိခဲ့ရင် သက်ဆိုင်ရာဥပဒေနဲ့အညီ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိတယ်လို့ ဦးဝင်းရှိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေတယ်လို့ ILO အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခံရပြီး ILOအုပ်ချုပ်ရေးအဖွဲ့ကဒီနှစ်ထဲမှာ အပြစ်ပေးအရေးယူဖို့ ရှိနေချိန်မှာ စစ်ကောင်စီ အလုပ်သမားဒုဝန်ကြီးက အခုလိုထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။

ဦးဝင်းရှိန်ရဲ့ ပြောဆိုချက်မှာ ILO ရဲ့ အရေးယူမခံရအောင် ဝါဒဖြန့်တဲ့သဘောဖြစ်တယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေက မှတ်ချက်ပြုပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM) တာဝန်ရှိသူတယောက်က “ILO က အရေးမယူခင် လူလုံးထွက်ပြတဲ့သဘော။ ပြီးတော့ ဒုဝန်ကြီးက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တွေ့တယ်သာဆိုတာ ဘယ်အဖွဲ့နဲ့တွေ့တာလဲ မသိရဘူး။ ကိုယ်တွေမြို့နယ်အဆင့် အလုပ်သမားအဖွဲ့ဖွဲ့ထားတာအဲဒီပွဲကိုသိတောင်မသိလိုက်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးတယ်လို့ ပြောလာပေမဲ့ မြေပြင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ကို အလုပ်ရှင်ရော၊ မြို့နယ်အလုပ်သမားရုံးကပါ တားဆီးပိတ်ပင်တဲ့ ဖြစ်ရပ်တွေရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတယောက်က “အလုပ်သမားသမဂ္ဂ ဖြိုခွဲခံရတဲ့ ဖြစ်ရပ်တွေက တောက်လျှောက်ရှိနေတယ်။ သမဂ္ဂဝင်တွေကို စက်ရုံတွေက အကြောင်းမဲ့ အလုပ်ထုတ်တာမျိုး ရှိသလို တခြားစက်ရုံတွေကပါ အလုပ်မခန့်နိုင်အောင် ကြံစည်တာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

အင်းစိန်မြို့နယ်ရှိ Golden Colour Fashion အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ သဘောတူလက်မှတ် စုဆောင်းထားတဲ့ စာရွက်တွေကို မြို့နယ်အလုပ်သမားဦးစီးမှူးကိုယ်တိုင် ဆုတ်ဖြဲလွှင့်ပစ်တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013