
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသားတယောက်အား အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်ပြီး ဖုန်းနဲ့ ဆိုင်ကယ် လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၀ ရက် ည ၇ နာရီလောက်မှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဈေးဆိုင်ပိတ်သိမ်းပြီး အိမ်အပြန် မြစ်ကြီးနားမြို့၊ သစ်ကြီးရပ်ကွက်၊ မလိဇွပ်ဆေးရုံနဲ့ အာဆီချပ် ကျောင်းလမ်းကြား အရောက်မှာ အမျိုးသား ၄ ယောက်က ဝိုင်းရိုက်နှက်ပြီး OPPO အမျိုးအစား ဖုန်းတလုံးနဲ့ ဘက်ထရီ ဆိုင်ကယ်တစီး လုယက်ခံခဲ့ရတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံ အရပ်သားတယောက်က “အမျိုးသား ၄ ယောက်က အမျိုးသားတယောက်ကို ဝိုင်းရိုက် လုယက်တာ။ ဆိုင်ကယ်နဲ့ ဖုန်းကို လုယူသွားတာ။ လုယက်ခံရတဲ့သူက သူ့အအေးဆိုင်သိမ်းပြီး အပြန်လမ်းမှာ လုခံရတာ။ ဒဏ်ရာလည်း ရတယ်” လို့ ပြောပါတယ်။
ရိုက်နှက်လုယက်ခံရတဲ့ အမျိုးသားဟာ ဦးခေါင်းဒဏ်ရာ ရရှိတာကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရကာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူ အမျိုးသားက မြစ်ကြီးနား နယ်မြေခံရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနာမြို့ခံ ရပ်မိရပ်ဖတယောက်က “ပစ္စည်းလိုချင်တာကြောင့် လုပ်တဲ့ အခြေအနေပါ။ လုယက်ပြီး အသတ်ခံရလည်း သေရမှာ။ ဒီဘက်မှာ တရားဥပဒေစိုးမိုးမှု အရမ်း အားနည်းလာတယ်” လို့ ပြောပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့အတွင်း အားနည်းတဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေအနေနဲ့ လက်ဝတ်ရတနာကို ဆင်မြန်းထားပါက လမ်းသွားလမ်းလာ အထူးသတိထားဖို့နဲ့ ဆိုင်ကယ် တယောက်တည်းစီး သွားလာတာကို သတိထားဖို့ လိုနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။
မြစ်ကြီးနားမြို့မှာ လုယက်မှုတွေ၊ အိမ်ထဲထိ ဝင်ရောက် ဖောက်ထွင်းမှုတွေ မကြာခဏ ဖြစ်နေပေမဲ့ ရဲတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ထိရောက်တဲ့ အရေးယူမှုတွေ၊ ဖမ်းဆီးနိုင်မှုတွေ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ပထမအပတ်ကလည်း ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီတဲ့ဟန်ဆောင်ပြီး ဝိုင်းဝန်းထိုးကြိတ်ကာ ဆိုင်ကယ် လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ဒုတိယအပတ်ကလည်း ယုဇနရပ်ကွက်၊ ရွှေလမ်းဆုံလမ်းမကြီး ပွင့်ပွင့်ဖိနပ်ဆိုင်အနီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်က ဆိုင်ကယ်စီးလာတဲ့ ညီအစ်မ ၂ ယောက်ဆီကနေ ဆွဲကြိုးလုယက်ဖြုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။










