
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်တဲ့ တရားမဝင်လွှတ်တော်နဲ့ တရားမဝင် အစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဖားကန့် မှော်လှည့်သပိတ်အဖွဲ့က ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်တဲ့ တရားမဝင်လွှတ်တော်နဲ့ တရားမဝင်အစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို မတ် ၁၇ ရက်က ဖားကန့် မှော်လှည့်သပိတ်အဖွဲ့ က ဆန္ဒပြ ထုတ်ဖော်ခဲ့ပါတယ်။
“ဖားကန့်ပြည်သူတွေက အကြမ်းဖက် စစ်ရာဇဝတ်ကောင် ဦးဆောင်ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ တရားမဝင်လွှတ်တော်နဲ့ ဒီ တရားမဝင်လွှတ်တော်ကနေ ဖွဲ့စည်းမဲ့ တရားမဝင်အစိုးရကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ ပြည်တွင်း ပြည်ပက နိုင်ငံသားတွေအားလုံး ပြည်သူတွေကို မီးရှို့၊ သတ်ဖြတ်၊ လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရကို ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ရအောင်။ တနိုင်ငံလုံးက ပြည်သူတွေ အနေနဲ့လည်း စစ်အာဏာရှင်အောက်မှာ ဒူးမထောက်ဘဲနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးမှာ သွေးမအေးသွားကြဘဲနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အချင်းချင်း သွေးမကွဲဘဲနဲ့ တော်လှန်ရေးပြီးတဲ့အထိ အားလုံး ပူးပေါင်းပါဝင်ကြရအောင်လို့ မေတ္တာရပ်ခံပါတယ်။”
အဲဒီဆန္ဒပြပွဲမှာ ပြည်သူသာအဓိက မည်သည့်အာဏာရှင်စနစ်မှ အလိုမရှိ၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်အလိုမရှိ၊ မြစ်ဆုံစီမံကိန်းဖော်ဆောင်ဖို့ အလိုမရှိ၊ တရားမဝင် မင်းအောင်လှိုင်အစိုးရကို ပြည်သူအားလုံး ဆန့်ကျင်ကြဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ ထုတ်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်း ၅ နှစ်တာ ကြာမြင့်လာသလို နိုင်ငံရဲ့ နယ်မြေအများစုကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ကိုယ်ကျရာနေရာကနေ ကူညီထောက်ပံ့ပေးဖို့ လည်း ဖားကန့် မှော်လှည့်သပိတ်အဖွဲ့ဝင်တယောက်က တိုက်တွန်းပါတယ်။
“နွေဦးတော်လှန်ရေး ၅ နှစ်ကြာလာတဲ့အချိန်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ် က တနိုင်ငံလုံးကို သူတို့ အုပ်ချုပ်နိုင်စွမ်း မရှိတော့ဘူး။ မြို့ပြလောက်ပဲ သူတို့ထိန်းချုပ်ထားနိုင်ပေမဲ့ နိုင်ငံရဲ့ နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီ။ တနိုင်ငံလုံး ပြည်သူ တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေ၊ NUG, KIA, PDF နဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေကို ကိုယ်ကျရာနေရာကနေ ကူညီထောက်ပံ့ပေးကြရအောင်လို့ မေတ္တာရပ်ခံပါတယ်။”
စစ်အုပ်စု ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေနဲ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကို မတ် ၁၆ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို စတင်ကျင်းပတာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေပါတီဥက္ကဋ္ဌ ဦးခင်ရီကို တင်မြှောက်ခဲ့ပြီး လွှတ်တော်ဒုတိဥက္ကဋ္ဌအဖြစ် စစ်အုပ်စု ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းကို တင်မြောက်ခဲ့တာလို့ သိရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကျင်းပဖို့ စီစဉ်နေတဲ့နေ့မှာ အာဏာသိမ်းလိုက်တာ ဖြစ်ပြီး ၅ နှစ်အကြာမှာတော့ စစ်အုပ်စုလက်ဝေခံပါတီတွေ ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပခဲ့ကာ ကြံ့ခိုင်ရေးပါတီအမတ်အများစုနဲ့ လွှတ်တော်ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဟန်န










