DVB Logo
Home
Lead Story
အာဂျင်တီးနားသမ္မတ လာမကြည့်ရဲတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ 
DVB
·
July 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အာဂျင်တီးနားနဲ့ စပိန်လို ကမ္ဘာ့ထိပ်တန်းအသင်း နှစ်သင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာတွေ့ကြတာ သိပ်မဆန်းပေမဲ့ ကိုယ့်အသင်းကို ဗိုလ်လုပွဲအထိ လာအားမပေးရဲလောက်အောင် အယူအစွဲ ကြီးနေတာကတော့ နည်းနည်းဆန်းနေနိုင်ပါတယ်။ အာဂျင်တိုင်းတွေ အယူအစွဲကြီးတဲ့နေရာမှာ အာရှသားတွေနဲ့ သိပ်မကွာဘူးလို့ ပြောရနိုင်တယ်။

နယူးဂျာစီမှာကစားမဲ့ ဗိုလ်လုပွဲကို အိမ်ရှင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ပူးတွဲအိမ်ရှင် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းနဲ့ ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးတို့ တက်ရောက်ဖို့ရှိပါတယ်။ စပိန်ဘက်ကလည်း ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်နဲ့ ဖိလစ်ဘုရင်တို့ လာကြည့်မယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုအတွက် ကစားမဲ့ အာဂျင်တီးနားဘက်က သမ္မတ ဟာဗီးယားမီလေ့ကတော့ လာမကြည့်ဖြစ်ဘူးလို့ သတင်းတွေမှာ တွေ့ရပါတယ်။

ပရိသတ်တွေရဲ့ အယူသီးပုံကြောင့် သမ္မတ မီလေ့က အရင်ပွဲတွေလိုပဲ အိုလီဗို့စ်သမ္မတအိမ်တော်ကနေ ဗိုလ်လုပွဲကို ကြည့်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဆွစ်ဇာလန်ပွဲမှာ ပူလို့ ဆွယ်တာအပေါ်က တထပ်ဝတ်ထားတဲ့ တထည်ကို ချွတ်လိုက်မိချိန် ပြိုင်ဘက်က ချေပဂိုးသွင်းသွားတာကြောင့် ပြန်ဝတ်ပြီး နောက်ထပ်မချွတ်တော့ဘူးလို့လည်း ပြောပါတယ်။ သူ့ဆုံးဖြတ်ချက်ဟာ ကာဘာလာစ်ကြောင့်ဖြစ်တယ်လို့ မီလေ့ကိုယ်တိုင်ပြောတာကို အာဂျင်တီးနားကလာတဲ့ သတင်းတွေမှာ တွေ့ပါတယ်။ ကာဘာလာစ်ဆိုတာက အသင်းနိုင်အောင် ကံကောင်းစေမယ်လို့ ယုံကြည်ပြီး လိုက်နာလုပ်ဆောင်ရတဲ့ အလေ့အထမျိုးပါ။ အသင်းနိုင်နေသရွေ့ ပွဲကြည့်တဲ့နေရာ၊ အတူကြည့်တဲ့လူ၊ စားတဲ့အစားအစာနဲ့ ဝတ်ထားတဲ့ အဝတ်အစားကအစ မပြောင်းရဘူးဆိုတဲ့ အယူမျိုးရှိကြပါတယ်။

သမ္မတလာကြည့်ရင် အသင်းကံခေတတ်တယ်ဆိုတဲ့ အစွဲကတော့ ၁၉၉၀ ကမ္ဘာ့ဖလားကတည်းက စပါတယ်။ သမ္မတ ကားလို့စ် မီနင်အသင်းကိုလာအားပေးပြီးနောက် လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားက ကင်မရွန်းကို မထင်မှတ်ဘဲ ၁–၀ နဲ့ရှုံးခဲ့ရာက မီနင်ကို လာဘ်ပိတ်သူ သို့မဟုတ် ဂြိုဟ်ကောင်လို့ ခေါ်ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကာတာနိုင်ငံက နောက်ဆုံးဗိုလ်လုပွဲမှာတုန်းကလည်း ပြင်သစ်အသင်းအတွက် သူတို့သမ္မတ အီမန်နျူရယ် မက်ခရွန် ကာတာနိုင်ငံထိသွားပြီး ဗိုလ်လုပွဲကို ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့ပါတယ်။ အာဂျင်တီနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်ကတော့ အဲဒီအစွဲတွေနဲ့ပဲ သွားမကြည့်ရဲခဲ့ပါဘူး။ အိမ်ကနေပဲ အားပေးပါတယ်။​  (တကယ်လို့ ရှုံးရင် ပရိသတ်ဝိုင်းဆဲကြမှာ ကြောက်တာလဲပါမှာပေါ့လေ) သူတို့အယူအစွဲကြီးတဲ့အတိုင်းပဲ အဲဒီတုန်းကအာဂျင်တီးနား ဗိုလ်စွဲပါတယ်။

အာဂျင်တီးနားရဲ့ ဘောလုံးအယူအစွဲမျိုးစုံထဲက အထူးခြားဆုံးကတော့ ဗမာအယူနဲ့ ဓာတ်ရိုက်ဓာတ်ဆင်တာမျိုးများ ဖြစ်မလားပဲ။ ပြိုင်ဘက်အသင်းရဲ့ အကောင်းဆုံးကစားသမားနာမည်၊ ဓာတ်ပုံကို ရေခဲသေတ္တာထဲထည့်ပြီး သူ့ခြေစွမ်း “ခဲသွားအောင်” လုပ်တတ်ကြတာပါ။ အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်မတိုင်ခင် ဟယ်ရီကိန်းနဲ့ ဂျုဒ် ဘယ်လင်ဟမ်တို့ရဲ့ပုံတွေကို ခဲထားတာကို ရိုက်တာသတင်းမှာ ပါခဲ့ဖူးပါတယ်။ အခုဆို ပြိုင်ဘက်ကစားသမားတွေ ရေခဲထဲခဲနေတဲ့ အေအိုင်ပုံတွေအထိ ဖန်တီးဖြန့်ဝေနေကြပါတယ်။

ဒါ့ပြင် တခြားအယူအစွဲတွေထဲက တခုကတော့ ကီရီကိုချိုလို့ ဝိုင်းအော်ကြရတာပါ။ ပြိုင်ဘက် ပင်နယ်တီကန်ခါနီး  ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဖရီးကစ်ရချိန်မှာ အမှားလုပ်ပြီး ကံဆိုးစေဖို့ ကီရီကိုချို “Kiricocho!” လို့ အော်ကြရပါတယ်။

နောက်တခုက အသင်းနိုင်စေတဲ့ အဝတ်အစားကို အပြောင်းအလဲမလုပ်ရတာပါ။ အသင်းနိုင်ခဲ့တဲ့ပွဲမှာ ဝတ်ထားတဲ့ဂျာစီကို နောက်ပွဲတွေမှာ မလျှော်ဘဲ ဆက်ဝတ်ကြရပါတယ်။ လျှော်လိုက်ရင် ကံကောင်းခြင်းပါ ရောပါသွားမယ်လို့ ယုံကြည်တာပါ။ အာဂျင်တီးနား ဂိုးသွင်းချိန် ကိုယ်ထိုင်နေတဲ့နေရာကလည်း “ကံကောင်းတဲ့နေရာ” ဖြစ်သွားလို့ ပွဲပြီးတဲ့အထိ မရွှေ့ကြပါဘူး။ အစွန်းရောက်ဆုံးကတော့ တယောက်ယောက် အိမ်သာသွားနေတုန်း အာဂျင်တီးနား အနိုင်ဂိုးဝင်သွားရင် အဲဒီလူကို ပွဲပြီးတဲ့အထိ အိမ်သာထဲ ဆက်နေခိုင်းတတ်တယ်လို့ အာဂျင်တီးနား ပရိသတ်တွေကြားမှာ အဆိုရှိပါတယ်။ ဒါ့ပြင် အသင်းကံကောင်းစေဖို့ ရိုဒရီဂို ဒီပေါလ်နဲ့ လီယန်ဒရို ပါရေးဒက်စ်တို့ဟာ ပွဲမစခင် ကွင်းလယ်စက်ဝိုင်းဆီ အတူသွားပြီး သကြားလုံး စားလေ့ရှိတယ်ဆိုတာတွေလည်း ရှိပါသေးတယ်။

နောက်တခုကတော့ တယောက်ယောက်က “အာဂျင်တီးနား ချန်ပီယံဖြစ်ပြီ”၊ “အာဂျင်တီးနားက ဒီပွဲနိုင်မှာသေချာတယ်”လို့ ကြိုပြောလာရင် အသင်းကို လာဘ်ပိတ်စေနိုင်တယ်လို့ ယူဆကြပါတယ်။ အဲဒီခါမှာ “လာဘ်ပိတ်တာကို ဖျက်လိုက်ပြီ (Anulo Mufa!)” လို့ ချက်ချင်းပြန်ရေး၊ ပြန်အော်ကြပါတယ်။ တနိုင်ငံလုံး ဝိုင်းလုပ်ကြတဲ့ဓလေ့တော့ ဟုတ်ချင်မှ ဟုတ်မယ်ဆိုပေမဲ့ သူတို့ရဲ့ အယူသီးပုံ "ကာဘာလာစ်" စိတ်ဓာတ်က အတော်ထင်ရှားတာပါ။ 

ယုံတာမယုံတာ အပထား။ အာဂျင်တီးနားဘောလုံးယဉ်ကျေးမှုအရတော့ အသင်းနိုင်နေသရွေ့ အင်္ကျီမလျှော်နဲ့၊ နေရာမရွှေ့နဲ့၊ ကြိုပြီးချန်ပီယံမပေးနဲ့။ “Anulo Mufa!” လို့ ဆိုကြပါတယ်။

အခုဒီဗိုလ်လုပွဲမှာ အာဂျင်တီးနား သမ္မတ လာမကြည့်တာတခုတည်းနဲ့တင် အာဂျင်တီးနားအသင်း ဗိုလ်စွဲနိုင်မစွဲနိုင်ကတော့ အငြင်းပွားချင်စရာပေါ့လေ။

သန်းဝင်းထွဋ် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013