DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅၅,၀၀၀ ကျော် ထူးခြားသည့် ဘေးထွက်ဆိုးကျိုး မရှိသေး
DVB
·
January 30, 2021
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅၅,၀၀၀ ကျော် ထူးခြားသည့် ဘေးထွက်ဆိုးကျိုး မရှိသေး
Donate to DVB

ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ဦးရေ ၅၅,၀၀၀ ကျော်ရှိလာပြီး ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်သူ မတွေ့ရှိရသေးဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။ 

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို ပထမဦးစားပေးအသုတ်မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ထိုးနှံပေးနေတာပါ။

ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူ ဦးရေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၈၉ ဦး၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသရေးစင်တာတွေက စေတနာ့ဝန်ထမ်း ၅၅,၀၄၃ ဦး၊ စုစုပေါင်း ၅၅,၃၃၂ ဦး ရှိပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မတွေ့ရှိရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးက ၂ ကြိမ် ထိုးနှံရမှာဖြစ်တာမို့ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့ ဒုတိယအကြိမ် ထိုးနှံဖို့ စောင့်ဆိုင်းနေစဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် အထူးဂရုစိုက်ဖို့လိုတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက သတိပေး ပြောဆိုထားပါတယ်။

“ကျနော်တို့က တတ်နိုင်သမျှ ကိုဗစ်ပိုး မဝင်စေရအောင် အခုကတည်းက ဂရုစိုက်ကာကွယ်ပေမဲ့လည်း တကယ်ထိုးပြီးလို့ ပိုးဝင်သွားပြီဆိုရင် အဲဒါပေါ့။ ကာကွယ်ဆေးရဲ့ အာနိသင်က တကြိမ်ထိုးပြီးတာနဲ့ ကိုယ်ခံအား စထွက်လာတယ်။ နှစ်ကြိမ်ထိုးပြီး ဆေးကို့စ်ပြည့်ပြီး နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ခံအားက limited ဖြစ်လာတဲ့သဘောပေါ့။ ကို့စ်မပြည့်ခင် ကာလမှာ ကိုဗစ်ကူးခံလိုက်ရရင် ထိုးထားတဲ့ဆေးတွေအကုန်လုံး ဆုံးမှာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း မိန့်ခွန်းတွေမှာ ခဏခဏပြောတယ်။ မက်စ်တပ်ထားပြီး ခပ်ခွာခွာနေရင် မခက်ပါဘူး။ နောက်တခါ အလှည့်ပြန်ကျဖို့ စောင့်ရမှာလည်း တော်တော်ကြာဖို့ ရှိတယ်။”

လက်ရှိ ကာကွယ်ဆေးထိုးပြီးထားသူတွေဟာ ဆေးထိုးပြီး ၈ နာရီလောက်အကြာမှ အနည်းငယ်နာတာ၊ ချမ်းတာ၊ အနည်းငယ်ဖျားတာ၊ နုံးတာ၊ ကိုယ်လက်ကိုက်ခဲတာ စတဲ့လက္ခဏာ အနည်းငယ်သာတွေ့ရှိရပြီး ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေတော့ မတွေ့ရှိရသေးတဲ့ အခြေအနေပါ။

ဒါကြောင့် ဒီကာကွယ်ဆေးထိုးရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဇန်နဝါရီ ၂၈ ရက်နေ့က မိန့်ခွန်းမှာ ပြောဆိုထားခဲ့သလို၊ ကာကွယ်ဆေးရရှိဖို့ နိုင်ငံတော်အတွက် ကုန်ကျစရိတ်ကကြီးသလို ရနိုင်ဖို့လည်း ခက်ခဲတာမို့ ပထမအကြိမ် ကာကွယ်ဆေးထိုပြီးသူတွေအနေနဲ့ အထူးသတိထားကြဖို့နဲ့ ပြည်သူတွေအနေနဲ့ ဆက်လက်ပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပထမပိုင်း ထိုးပြီးတဲ့ ပြည်သူတွေကို အထူးသတိထားစေချင်ပါတယ်။ ပထမ ထိုးပြီးတော့ ကြားထဲမှာ ကူးတယ်ဆိုရင် အများကြီးနှမြောစရာကောင်းပါတယ်။ ပထမ ထိုးထားတဲ့ဆေးဟာ အဟောသိကံ ဖြစ်သွားမှာပါ။ ဒီဆေးတွေ ရရှိဖို့ နိုင်ငံတော်အတွက် ကုန်ကျစရိတ်ကလည်း အရေးကြီးတယ်။ ဒါပေမဲ့ ရနိုင်ခြေကလည်း ခက်ခဲတယ်ဆိုတော့ အဖိုးတန်တဲ့ ထိုးဆေးတွေလည်း ဖြစ်ပါတယ်။ အဖိုးတန်တဲ့ ထိုးဆေးတွေကို တလုံးမှ အဖိတ်အစဉ် မဖြစ်ချင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားစေချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံထုတ် covishield အမည်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးအရေအတွက် ၁ သန်းခွဲ ကို ရရှိထားပြီး ဒါက လူဦးရေ ၇ သိန်းခွဲစာအတွက် ထိုးနှံနှိင်မယ့် ပမာဏပါ။ 

လက်ရှိကာကွယ်ဆေးကို ကနဦးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို သတ်မှတ်ရက်အလိုက် ထိုးနှံပေးနေတာပါ။ 

ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာလည်း ပြည်သူတွေထဲက ဦးစားပေး ထိုးနှံပေးဖို့လိုအပ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေနဲ့အတူ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက တာဝန်ရှိသူတွေကို ထိုးနှံပေးမှာပါ။

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှာ ထုတ်ပြန်ထားတဲ့ ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ အသက် ၆၅ နှစ်အထက်ရှိတဲ့ သက်ကြီးရွယ်အို ဦးရေက လူဦးရေ ၃ ဒသမ ၃ သန်းလောက် ရှိပါတယ်။ 

အဲဒီတော့ ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေနဲ့အတူ ဒီလူဦးရေက  ဦးစားပေးအဖြစ် ထိုးနှံခွင့်ရမယ့် အနေအထားပါ။ 

ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013