
မြန်မာနိုင်ငံထဲက အွန်လိုင်း ကျားဖြန့် ငွေလိမ်ဂိုဏ်း စခန်းတခုကနေ ရုရှားအမျိုးသမီးတယောက်ဟာ ၂ နိုင်ငံ နယ်နိမိတ် ပိုင်းခြားထားတဲ့ မယ်ဆိုင်မြစ်ကို ဖြတ်ကူးခတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်ရဲတပ်ဖွဲ့ဟာ မြန်မာနယ်စပ် မြို့ဖြစ်တဲ့ တာချီလိတ်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရပြီးနောက် အကူအညီတောင်းဖို့ ထိုင်းနိုင်ငံဘက်ကို မြစ်ဖြတ်ကူးလာခဲ့တဲ့ မာရီယာ အမည်ရှိ အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတယောက်ရဲ့ အမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သူ့ကို တွေ့ရှိချိန်မှာ တုန်လှုပ်ချောက်ချားနေပြီး လက်တွေနဲ့ ခြေထောက်တွေမှာ ညိုမည်းဒဏ်ရာတွေ ရရှိထားကြောင်းလည်း သတင်းမှာ ဖော်ပြထားသလို ထိုင်းကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို ဒေသတွင်း ဆေးရုံတခုဆီ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ အကူအညီတွေကို ပေးအပ် ကုသပေးနေတယ်လို့ ဆိုပါတယ်။
အကြို စုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါ ရုရှားအမျိုးသမီးဟာ အလုပ်လုပ်ဖို့ တရုတ်နိုင်ငံဆီ သွားရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံနဲ့ အဲဒီကမှတဆင့် မြန်မာနိုင်ငံဆီ ဆက်လက်ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။
ရန်ကုန်ကို ရောက်ရှိပြီးနောက် သူ့ကို မန္တလေးကို ဆက်လက်ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ တာချီလိတ်ဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရုရှားနိုင်ငံသူဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်းရဲ့ သားကောင် ဖြစ်ခဲ့ရတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။
ပစ်ကပ်ကား ဒရိုင်ဘာတယောက်က ထိုင်းနိုင်ငံအတွင်းမှာ အဆိုပါ အမျိုးသမီးကို တွေ့ရှိခဲ့ပြီး ကူညီဖို့ ကမ်းလှမ်းခဲ့ကာ အနီးနားက ဈေးဝယ်စင်တာရဲ့ ကားရပ်နားစခန်းဆီ ခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီနောက် သူက အမေဖြစ်သူဆီ ဆက်သွယ်ပေးဖို့ တောင်းဆိုခဲ့ပြီး ရုရှားနိုင်ငံဆီ ပြန်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒေသတွင်း အာဏာပိုင်တွေက အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက ရုရှားသံရုံးဆီ အကြောင်းကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့ ရုရှားသံရုံး ကောင်စစ်ရေးရာပိုင်းကတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရုရှားအမျိုးသမီးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဆီက သတင်းအချက်အလက် မရရှိသေးဘူးလို့ TASS သတင်းဌာနကို ဖြေကြားထားခဲ့တယ်လို့ ဆိုပါတယ်။
Source: MGR AKI Press










