DVB Logo
Home
မြန်မာသတင်း
တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် RCSS တို့ တိုက်ပွဲဖြစ်ပွား
DVB
·
January 26, 2021
တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် RCSS တို့ တိုက်ပွဲဖြစ်ပွား
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင် မိုင်းပန်မြို့နယ်ထဲမှာ မြန်မာ့တပ်မတော် နဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် လက်အောက်ခံတပ်ဖွဲ့တွေကြား ဇန်နဝါရီ ၂၅ ရက်က  ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

RCSS/SSA တပ်ဖွဲ့ဝင်တွေဟာ မိုင်းပန်မြို့နယ် နမ့်တိုင်းကျေးရွာအုပ်စု မိုင်းဟောင်း ကျေးရွာအနီးရှိ တောထဲမှာစခန်းချနေစဉ် မနေ့ မနက် ၈ နာရီခွဲလောက်မှာ မြန်မာ့တပ်မတော်ဘက်က လာပစ်ခတ်တာဖြစ်တယ်လို့ RCSS/SSA ပြောခွင့်ရ ဒု -ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။ 

“ ကျနော်တို့တပ်ဖွဲ့ဝင်တွေက သူတို့စခန်းမှာရှိနေတုန်း မထင်မှတ်ဘဲ မြန်မာ့တပ်မတော် ခမရ ၅၇၅ လက်အောက်ခံတပ်ဖွဲ့ဝင် အင်အား ၆၀ လောက်က လာပြီးပစ်တယ်။ သူတို့က အဲလို လာပစ်တော့ ကျနော်တို့ဘက်ကလည်း လန့်ပြီး ပြန်ပစ်ရတာပေါ့။ သိပ်တော့ မကြာပါဘူး  ၁၀ မိနစ်လောက်ပါပဲ။ နောက်တော့ သူတို့တောင်အောက်ဘက်ပြန်ဆုတ်သွားပြီး ခဏငြိမ်သွားတယ်။ ညနေ ၃ နာရီလောက်ခါကျတော့ သူတို့က ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ တိုက်ပွဲဖြစ်သလိုပေါ့။ ကျနော်တို့ဘက်ကတော့ ပြန်မပစ်ဘူး။ သူက တောထဲမှာပဲဆိုတော့ အိမ်တွေ ရွာတွေထိတာမရှိပါဘူး။ မနက်ပိုင်းပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူနည်းနည်းရှိတယ်လို့တော့ ပြော တယ်။ ”

အဲဒီနယ်မြေထဲမှာ RCSS/SSA နဲ့   ခမရ ၅၇၅ တို့ လှုပ်ရှားသွားလာနေတာ ကြာပြီဆိုတာကို တဘက်နဲ့တဘက်လည်းသိနေကြပြီး မြန်မာ့တပ်မတော်ဘက်က အခုလိုလာပြီး ပစ်ခတ်တာကို အံ့ဩမိတယ်လို့လည်း ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မိုင်းပန်မြိုနယ် RCSS/SSA ဆက်ဆံရေးရုံးကနေပြီး မိုင်းပန်အခြေစိုက် မြန်မာ့တပ်မတော်ဗျူဟာမှူးဆီ အကြောင်းကြား မေးမြန်းထားပါတယ်။ 

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ ပစ်ခတ်မှုတွေမရှိပေမယ့် နှစ်ဘက်တပ်တွေ အဲဒီ နယ်မြေထဲမှာရှိနေတုန်းဘဲလို့  ဆိုပါတယ်။

RCSS/SSA ဟာ အစိုးရနဲ့ NCA တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

အန်စီအေစာချုပ်အရ တဘက်နဲ့တဘက် လက်နက်နဲ့ နယ်မြေကျော်ဖြတ်သန်းသွား လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး အခုလို သတင်းမပို့ဘဲ ပစ်ခတ်တာဟာ မြန်မာ့တပ်မတော်အနေနဲ့ NCA စာချုပ်ကို ချိုးဖောက်ရာကျသလို  တပ်မတော်ဘက်က ၂၀၂၁ ဇန်နဝါရီလ ၁ ရက် ကနေ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်နားထားမယ်ဆိုတဲ့ ကြေညာချက်နဲ့လည်း လျော်ညီမှုမရှိဘူးလို့ ဒု - ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသွားပါတယ်။ 

မနေ့က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ချက်ကိုတော့ မတွေ့ရသေးပါဘူး။  

ဓာတ်ပုံ - RCSS/SSA 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013