DVB Logo
Home
Lead Story
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအပေါ် - လူထုအသံ
DVB
·
January 26, 2021
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအပေါ် - လူထုအသံ
1 / 6
Donate to DVB

မြန်မာနိုင်ငံအတွင်း မိမိနေရပ်ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးတာနဲ့ လုပ်ခလစာ နည်းပါးတာတွေကြောင့် လူငယ်လူရွယ်တွေဟာ စီးပွားရေး ဗဟိုချက်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ စတဲ့မြို့တွေကို  ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြတာရှိသလို  ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန် စတဲ့ တိုင်းပြည်တွေအထိ သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

ခုအချိန်မှာ ကမ္ဘာတဝန်း ကိုဗစ်ကပ်ဘေးနဲ့ ရင်ဆိုင်နေရသလို မြန်မာနိုင်ငံမှာလည်း  ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ ဒီအခြေအနေမှာ ၀င်ငွေနည်း၊ အလုပ်အကိုင် အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ မန္တလေးတိုင်းအတွင်းက  လူငယ်တွေရဲ့ သဘောထား အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။ 

အောင်သူ

“နယ်တွေမှာတော့ အလုပ်အကိုင်အခွင့်အလမ်း တော်တော်ကြီး နည်းပါးတာ တွေ့ရတယ်။ ကျနော်တို့ မန္တလေးနဲ့ ရန်ကုန်မှာ ဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် အလုပ်အကိုင်ရှာရတာ နယ်ထက်စာရင် လွယ်တယ်လို့တော့ ပြောလို့ရပါတယ်။ အတတ်ပညာတစ်ခု တတ်ထားရုံနဲ့တော့ ‌ဒီနေ့ခေတ်အနေအထားနဲ့ကတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက်နဲ့ ရပ်တည်ဖို့က လွယ်တဲ့အထဲမှာတော့ မပါဘူး။ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေ မပပျောက်အောင် လုပ်ပေးနိုင်ရင် ကောင်းတယ်။ အခု အဲလိုမလုပ်ပေးနိုင်တဲ့အတွက် တချို့လုပ်ငန်းတွေဆိုရင် ပြည်ပပြိုင်ဆိုင်မှု၊ ပြည်ပထုတ်ကုန်နဲ့ ကိုယ့်ပြည်တွင်းထုတ်ကုန် ပြိုင်ဆိုင်မှုမှာ ဘယ်လိုမှ ဈေးကွက်ချင်း ယှဉ်မရတဲ့အခါကျတော့ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတွေ တိမ်မြုပ်ပျောက်ကွယ်သွားတာ အများကြီး ဖြစ်လာတယ်။ အဲဒိအတွက် ကျနော်တို့သည် ကိုယ်ပိုင် ကိုယ့်လူ့စွမ်းအားအရင်းအမြစ်နဲ့ လုပ်ရမယ့်အစား သူများ၀န်ထမ်း၊ သူများအလုပ်သမားအနေနဲ့ပဲ ကျနော်တို့ ပြည်တွင်းမှာရှိသူတွေက စား၀တ်နေရေးကို ဖြေရှင်းရတာ။ အဲဒိအတွက်ကြောင့်မို့လို့ အစိုးရတရပ်အနေနဲ့ ကိုယ့်ပြည်တွင်းမှာ ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ပဲ တိုင်းပြည်စီးပွားရေး၊ တိုင်းပြည်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းမွန်အောင် လုပ်စေချင်တယ်။ အဲဒီလို အကြံပေးစေချင်တယ်။”

ကျော်မျိုးထွဋ်

“အတန်းပညာနဲ့ပတ်သက်ပြီး အာမခံချက်ကတော့ မရှိဘူးဗျ။ ကျနော်တို့ ဒီကုမ္ပဏီတစ်ခုကို အလုပ်၀င်လုပ်လိုက်တယ်။ ဥပမာ- ကုမ္ပဏီက အလုပ်နားသွားပြီဆိုရင် ဒီဟာနဲ့ပတ်သက်တဲ့ အာမခံချက် ကျနော်တို့မှာ မရှိဘူး။ နောက်ပြီးတော့ ကျနော်တို့ အစိုးရ၀န်ထမ်း လုပ်မယ်ဆိုတော့လည်း ကျနော်တို့ အမြဲတမ်း၀န်ထမ်းဖြစ်ဖို့ဆိုတာလည်း မလွယ်ကူဘူး။ မလွယ်ကူတဲ့အတွက် အဲဒီလိုမျိုး ကျနော်တို့မှာ အာမခံချက်မရှိပါဘူးဗျ။”

မျိုးဇော်

“ကုမ္ပဏီတွေမှာတော့ ကျပ်  ၄၈၀၀ ကို ဘယ်လိုမျိုးရလဲတော့မသိဘူး။ ကျနော်တို့လို နေ့စား၀န်ထမ်းတွေကျတော့ အစိုးရ ရုံးပိတ်ရက်ရယ်၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေဆိုရင် ၄၈၀၀ ထည့်တွက်ပေးထားခြင်းမရှိဘူး။ တစ်လကို တစ်သိန်းခွဲတော့ မရပါဘူး။ ကိုးသောင်းကျော် တစ်သိန်း အဲဒီလောက်ပဲရတာပေါ့။  တနေ့ လုပ်အားခ ကျပ် ၄၈၀၀ နဲ့ စားကြည့်ရင် မကာတော့ မကာမိဘူးပေါ့ဗျာ။ ဒါပေမဲ့လည်း ဖြစ်သလိုတော့ ရအောင်တော့ လုပ်ကိုင်ရတာပေါ့။ အဆင်တော့ မပြေဘူးပေါ့။”

ဦးရဲ၀င်းအောင်

“ကျနော့်အနေနဲ့ပြောရင်တော့ အလုပ်အကိုင်က မရှားပါးပါဘူး။ လက်ရှိ လယ်ယာကဏ္ဍမှာပေါ့နော်။ တောင်သူတွေလုပ်တဲ့ လုပ်ငန်းတွေမှာလည်း အလုပ်အကိုင်လိုအပ်ချက်တွေ အများကြီးရှိတယ်။ တကယ်တော့ လူငယ်တွေဟာ ပြည်တွင်းမှာ အလုပ်မရတာတော့ မဟုတ်ဘူး။ လုပ်ခလစာနည်းတဲ့အခါကျတော့ ပြည်တွင်းမှာ အလုပ်မလုပ်ကြဘဲနဲ့ ပြည်ပထွက်လုပ်ကြတာ။ ပြည်ပထွက်လုပ်တဲ့ အကြောင်းရင်းကလည်း တစ်ယောက်တည်းလုပ်တဲ့ လုပ်ခလစာကို မိသားစုကို ထောက်ပံ့လို့ရတယ်ပေါ့နော်။ ပြည်ပမှာအလုပ်လုပ်ပြီး လစာများများရတော့ ပြည်တွင်းကို ပြန်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့သဘော။ ကိုယ့်ပြည်တွင်းမှာ အလုပ်တွေပြန်လုပ်ဖို့ သွားလုပ်နေကြတဲ့သူတွေ ရှိပါတယ်။ ပြည်ပကို ထွက်ပြီး အလုပ်လုပ်တဲ့လူငယ်တွေ ပြည်တွင်းမှာပဲ အလုပ်လုပ်မယ်ဆိုရင်တော့ တိုင်းပြည်မှာရှိတဲ့ လုပ်ငန်းတွေဟာ အရည်အသွေးတွေ ကောင်းပြီးတော့ ဈေးကွက်ဝေစုတွေအများကြီးရတဲ့ လုပ်ငန်းတွေဖြစ်ဖို့လိုတယ်။ အထူးသဖြင့် ပြောချင်တာကတော့ ကိုယ့်ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေတော်တော်များများက အင်တာနေရှင်နယ်အထိ ထိုးဖောက်နိုင်တဲ့လုပ်ငန်းတွေ ဖြစ်ဖို့လိုတယ်။ ပြည်ပဈေးကွက်ရတဲ့အတွက် လုပ်သားတွေရဲ့ လစာလည်း ပြည်ပလို ရနိုင်တာမျိုး၊ ကောင်းကောင်းပေးနိုင်တဲ့ လုပ်ငန်းတွေ ဖြစ်လာမှာပေါ့။ ဒါဆိုရင် လုပ်အားခများများရတယ်ဆို လုပ်သားတွေအနေနဲ့ကလည်း ပြည်တွင်းမှာ ပဲအလုပ်လုပ်ဖို့ စိတ်၀င်စားလာမယ်။ မြန်မာပြည်မှာရှိတဲ့ စက်ရုံ အလုပ်ရုံ၊ ကုန်ထုတ်စွမ်းအားတွေ ကောင်းမွန်ပြီးတော့ ပြည်ပကို ထိုးဖောက်ဖို့ လိုအပ်ချက်ရှိတယ်။ ဒါမျိုးတွေရှိရင်တော့ လူငယ်လူရွယ်တွေက ပြည်တွင်းမှာပဲ အလုပ်လုပ်ကြမှာပေါ့။”

သက်နှင်းအောင်

“အတန်းပညာလို့ ပြောတဲ့အခါမှာ ကျနော်တို့က အသက်မွေး၀မ်းကျောင်းပညာ၊ နောက်တစ်ခုက ကျွမ်းကျင်မှုဆိုင်ရာ စကေးတွေ ဥပမာဆို အထည်ချုပ်လုပ်ငန်းမှာ၀င်ပြီး အလုပ်လုပ်မယ်ဆိုရင် ဒါ အထည်ချုပ်နဲ့ပတ်သက်တဲ့ သင်တန်းတက်ထားသူတွေ။ သို့သော် ကျနော်တို့ နိုင်ငံမှာက ဘာဖြစ်လဲဆိုတော့ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေါ် မူတည်ပြီး အလုပ်ခေါ်တာတွေ ဆိုတာက သာမန် level မှာတော့ ရှားပါတယ်။ အဲဒိတော့ အဓိက ဘယ်လို level တွေလဲဆိုတော့ စီမံခန့်ခွဲမှုနေရာတွေမှာဆိုလို့ရှိရင် ခေါ်တယ်။ သို့သော် သာမန်အခြေအနေတွေမှာ သာမန် အလုပ်သမားတွေ ဆိုလို့ရှိရင်တော့ ကျွမ်းကျင်မှုတွေကို သိပ်ပြီးတော့မှ အဓိကဦးစားပေး သိပ်မလုပ်သေးတာကို ကျနော်တို့အနေနဲ့ တွေ့ရပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013