DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ၁၀ လအကြာ မြန်မာတွင် သေဆုံးသူ ၃,၀၆၂ ဦးရှိလာ
DVB
·
January 25, 2021
ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ၁၀ လအကြာ မြန်မာတွင် သေဆုံးသူ ၃,၀၆၂ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ  ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ၁၀ လကြာရှိလာချိန်မှာ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၃,၀၆၂ ယောက် ရှိလာခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၁၀ လပြည့်ခဲ့ချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၃၇,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ  ၂၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၇,၅၇၄ ယောက်၊ သေဆုံးသူ ၃,၀၆၂ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၂၁,၅၅၈ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၈၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၆,၀၀၀ နီးပါးနဲ့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၉,၀၀၀ ကျော် ရှိနေပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၉ ဒသမ ၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂  ဒသမ ၁ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၇၁ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၅ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၄၂၁,၇၁၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁၅၃,၅၀၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၂၁၆,၄၇၅ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၈,၉၉၁ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၅ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

လတ်တလောအချိန်ထိ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉၈၉,၂၆၂ ယောက်နဲ့ သေဆုံးသူ ၂၇,၈၃၅ ယောက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၁၃,၆၁၉ ယောက်နဲ့ သေဆုံးသူ ၁၀,၂၄၂ ယောက် ရှိနေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၃,၈၀၁ ယောက်နဲ့ သေဆုံးသူ ၆၇၈ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၃၀၈ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၃,၅၀၀ ယောက်နဲ့ သေဆုံးသူ ၇၃ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၄၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၅ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၅၈ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013