DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော
DVB
·
January 17, 2021
မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံမှာလည်း ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မနေ့ကလုပ်တဲ့ ပါမောက္ခတွေ၊ အထူးကုဆရာဝန်ကြီးတွေနဲ့ သူနာပြုဆရာမကြီးတွေရဲ့ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ အတွေ့အကြုံနဲ့ ဆန်းစစ်သုံးသပ်တွေ့ရှိချက်တွေ တင်ပြဆွေးနွေးပွဲမှာ ပြောတာဖြစ်ပြီး တနိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်း ၂၃၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။  

ပြည်သူတွေအနေနဲ့ အထူးသတိပြုရမှာကတော့ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းမှာ ရှိနေတဲ့ SARS-CoV-2  ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇပြောင်းလဲပြီး ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်တာပဲ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်တာများတဲ့ နေရာဒေသတွေ ရှိ/မရှိကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုပြီး အဲဒီဒေသက ကိုဗစ်-၁၉ လူနာတွေဆီက ဗိုင်းရပ်စ်ပိုးကို ဆေးသုတေသနဦးစီးဌာနမှာ မျိုးဗီဇတခုလုံး စစ်ဆေးဖို့ ပြောထားပြီလို့လည်း ဆိုပါတယ်။

ဒီရောဂါရဲ့ သဘောသဘာဝအရ ငုပ်လျှိုးနေတဲ့ လူနာတွေ ပြန်ပေါ်လာပြီး ရောဂါဖြစ်တာ များလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၂၃၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝန်ကြီးက ပြောပြီး အသက်ဆုံးရှုံးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၃ ယောက်အတွက် ပံ့ပိုးတာတွေကိုလည်း ဝန်ကြီးဌာနက အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ဟာ တခြားရောဂါတွေနဲ့ မတူဘဲ အဆုတ်ကိုသာမက ကိုယ်ခန္ဓာအင်္ဂါစနစ်မျိုးစုံကို ထိခိုက် ပျက်စီးစေတဲ့ ရောဂါဖြစ်ပြီး ကုသမှုပေးရာမှာ ဆေးပညာဘာသာရပ်မျိုးစုံက ဆရာဝန်တွေ၊ ပညာရှင်တွေ၊ သူနာပြုတွေ စုစည်းပူးပေါင်းကုသမှုပေးရတဲ့ ရောဂါဖြစ်တဲ့အပြင်  ရေရှည်မှာလည်း နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတာကို တွေ့ရလို့ အထူးဂရုပြု ကုသရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဆွေးနွေးရာမှာ ပါဝင်တဲ့ ဆေးတက္ကသိုလ် (၁)  အရေးပေါ်ကုသမှု ဆေးပညာဌာနက ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းကိစ္စအဝဝမှာ ပါဝင် ဆောင်ရွက်ခဲ့သူတွေနဲ့ Video conferencing စနစ်နဲ့ ဆွေးနွေး စစ်တမ်းယူခဲ့ပြီး တွေ့ရှိချက်တွေအရ ကျန်းမာရေးဝန်ထမ်းတွေ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ကုသရေး၊ ဆေးပညာဘက်က ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ အထူးကုဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်ကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုဆရာမကြီးတွေနဲ့ သူနာပြု စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

လက်ရှိမှာတော့ ယူကေနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၅၀  ကျော်နဲပ တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၀  ကျော်ကို ပျံ့နှံ့ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013