DVB Logo
Home
မြန်မာသတင်း
၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ (ဓာတ်ပုံ)
DVB
·
January 15, 2021
၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ (ဓာတ်ပုံ)
1 / 10
Donate to DVB

ဇန်နဝါရီ ၁၅ ရက်နေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ အကျဉ်းချုံးကျင်းပခဲ့ပါတယ်။

ကယားပြည်နယ်နေ့ကို အရင်က ထေးသမရပ်ကွက် ကယားပြည်နယ်နေ့ ပွဲတော်ကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အညီ အကန့်သတ်နဲ့သာ ကျင်းပခဲ့တာပါ။

အခုနှစ် ကယားပြည်နယ်နေ့ကို နှစ်စဉ်လို ကျင်းပခွင့်မရလို့ များစွာ စိတ်မကောင်းဖြစ်ကြောင်း ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက  မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူတရပ်လုံး အမြတ်တနိုး တန်ဖိုးထားရာ နေ့တနေ့ဖြစ်တဲ့ ကယားပြည်နယ်နေ့ပဲဖြစ်ပါတယ်။ ကယားပြည်နယ်နေ့ကို တပြည်နယ်လုံး အတိုင်းအတာနဲ့ရိုးရာ အစဉ်အလာမပြတ် နှစ်စဉ် ဆင်နွှဲခဲ့တာ ဒီနေ့ဆိုရင် ၆၉ နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်နဲ့ ကယားပြည်နယ်အတွင်းမှာလည်း ပိုးတွေ့လူနာ ရှိနေပြီမို့ မိဘပြည်သူတရပ်လုံး ရောဂါကူးစက်မှုအန္တရာယ် မဖြစ်ပွားစေဖို့အတွက် ယခင်နှစ်လို့ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်ခွင့်မရကြလို့ များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တိုပြည်နယ်ဟာ ကယားတိုင်းရင်းသားမျိုးနွယ်စု ၉ မျိုးနဲ့ ရှမ်း၊ ကရင်၊ ဗမာ၊ ပအိုးဝ်၊ အင်းသား စတဲ့ တိုင်းရင်းသားများဟာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး မှီတင်းနေထိုင်ကြတာဟာ ချစ်စရာ တန်ဖိုးထားစရာကောင်းတဲ့ အသွင်သဏ္ဌာန် တခုပါပဲ။ ဒီချစ်စရာကောင်းတဲ့ မြတ်နိုးတန်ဖိုးထားစရာကောင်းတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားကြပါလို့ ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့မှာ အလေးအနက်ထား မှာကြားလိုပါတယ်။”

ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့လယ် ကန္ဒာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်မှာ ကျင်းပခဲ့တာဖြစ်ပြီး ကယားပြည်နယ် ခတ္တဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေသာ တက်ရောက်ခဲ့ကြပါတယ်။

နှစ်စဉ် ကယားပြည်နယ်နေ့ ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်ကနေ  ၁၉ ရက်အထိ ၁၀ ရက်တိုင် ပျောက်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတွေနဲ့အတူ ကျင်းပလေ့ရှိတာဖြစ်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကယားပြည်နယ်နေ့အထိမ်းအမှတ်နေ့အနေနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ရာမှာ နှစ်စဉ်နှစ်ကျင်းပသလို ပြည်နယ်နေ့ ကျင်းပခွင့်မရတာကို စိတ်မကောင်းဖြစ်ကြောင်းနဲ့ ကိုဗစ်-၁၉ကို ကယားပြည်နယ်အနေနဲ့ အချိန်အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခဲ့တာကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

         “မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်၌ ကယားပြည်နယ်မှာ ရောဂါကူးစက်မှုမရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ပြီး အချိန်အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခဲ့ကာ လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိသူများ ရှိလာသော်လည်း ရောဂါပိုးတွေ့ရှိသူ အနည်းဆုံး ပြည်နယ်တခုဖြစ်သည်ကို တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများကို စေတနာ၊ မေတ္တာ အပြည့်အဝထား၍ မိမိတို့၏ ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ကျရာ အခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သူများ ပံ့ပိုးကူညီခဲ့သူများ တစ်ဦးချင်းကိုလည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးညွန်ကြားချက်များအား တိကျစွာ လိုက်နာကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးကိုလည်းကောင်း အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။”

ဒါ့အပြင် လက်ရှိအချိန်မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အင်တိုက်အားတိုက်ဆောင်ရွက်နေသလိုပဲ တဖက်မှာလည်း နိုင်ငံတော် အစိုးရအနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနေကြောင်းနဲ့ ကယား ပြည်နယ်အတွင်းမှာလည်း သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စတဲ့ ကဏ္ဍစုံ တိုးတက်ရေး ဆောင်ရွက်ပေးနေကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ရိုးရာဓလေ့အစဉ်အလာတွေ၊ တောတောင်ရေမြေ သဘာဝအလှအပများစွာပိုင်ဆိုင်ထားတဲ့ ကယားပြည်နယ်ဟာ မီးခိုးမထွက်သည့် စက်ရုံလို့ တင်စားခေါ်ဝေါ်ကြတဲ့ ခရီးသွားလုပ်ငန်း ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ အခြေအနေကောင်းများစွာကို ပိုင်ဆိုင်ထားကြောင်းလည်း ပါရှိပါတယ်။

ပြီးခဲ့တဲ့  ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ လူထုအခမ်းအနားမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013