DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်မည် 
DVB
·
January 11, 2021
နိုင်ငံတဝန်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်မည် 
Donate to DVB

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာရှိတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး နည်းဥပဒေသစ်နဲ့အညီ ပြန်လည်ရွေးချယ်တော့မှာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဇန်နဝါရီလ ပထမအပတ်ကနေ မတ်လ ပထမအပတ်အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ်တွေကို အပြီး ခန့်ထားနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပြီးလို့ စစ်ကိုင်းတိုင်း မြို့နယ်အသီးသီးက မြို့နယ်အုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။

ကနီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက  “ညွှန်ကြားချက်ကတော့တနိုင်ငံလုံး အတိုင်းအတာနဲ့ ဇန်နဝါရီပထမအပတ်ကနေ မတ်လ ပထမအပတ်အထိ ရပ်ကျေး အုပ်ချုပ်ရေးမှူးသစ်တွေကို အပြီးပျက်ခန့်ထား ပြုလုပ်နိုင်ဖို့၊ အခု ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်” လို့ ပြောပါတယ်။

  ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၁၈၉ အရဆိုရင် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေကို ရပ်ရွာက ရွေးချယ်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနည်းအရ လူထုက ရွေးချယ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေအပေါ်မှာရှိတဲ့၊ တိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေဟာ အစိုးရခန့်ထားသူတွေ ဖြစ်နေတဲ့ အခြေအနေကို အရပ်ဖက်အဖွဲ့အစည်းတွေ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်သလို၊ အရင်ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနည်းဥပဒေတွေဟာ လူထုအားလုံး တိုက်ရိုက်ရွေးချယ် နိုင်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိ‌နေပါတယ်။

မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက်နေသူ ဦးမြင့်ကိုက “အသစ်အဲလိုပြန်ရွေးတယ် ဆိုတော့ပိုပြီးတော့ ရွေးချယ်မှုတွေ လူထုက တကယ်တင်ချင်တဲ့ လူတွေရွေးနိုင်တယ်ဆိုရင်တော့ လူထုဆန္ဒထင်ဟပ်တဲ့၊ လူထုအကျိုးကို တကယ်လုပ်ပေးမယ့် လူထုကရွေးတဲ့ ရပ်ကျေးပေါ့နော် အုပ်ချုပ်ရေးမှူးတွေပေါ်လာရင်တော့ ဒါ တိုင်းပြည်အတွက် ကောင်းတာပေါ့။ အခု ၂၀၂၁ ခုနှစ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နည်းဥပဒေအသစ်က အိမ်ထောင်စုပုံ ၆၆/၆ ရှိမှ မဲပေးလို့ရမယ်။ မရှိရင်ပေးလို့မရဘူး”လို့  ပြောပါတယ်။

စစ်ကိုင်းတိုင်း ချင်းတွင်းမေတ္တာ လူမှုကူညီကယ်ဆယ်ရေးအသင်းရဲ့ အလုပ်အမှုဆောင်   ဦးအောင်မြင့်ဆန်းက “၂၀၁၅ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အပေါ်မှာ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ အဲမှာပါဝင်ခဲ့ တုန်းက ကြည့်ကြပ်ရေးအဖွဲ့ ဖွဲ့တာကနေ အုပ်‌ချုပ်ရေးမှူးရေးချယ်တဲ့ အထိ စာရွက်စာတမ်းဖိုးတွေ၊ ကုန်ကျငွေတွေကို ကြည့်ကြပ်ရေးအဖွဲ့က ဘယ်သူဆီ တောင်း ခံရမှန်းမသိဘူး။ ကျန်ကျငွေ စိုက်ထုတ်ရတာ ပြဿနာ မဟုတ်ပေမယ့် အများအမြင်မှာ သူ့လူသူ အုပ်ချုပ်ရေးမှူး ဖြစ်စေချင်လို့ လုပ်ကြတာပါကွာလို့ ပြောဆိုခံရပါတယ်။ အခုနည်းဥပဒေ အသစ်မှာလည်း ဘတ်ဂျက်ငွေ အတိအကျ မပါလာတဲ့အတွက် အုပ်ချုပ်ရေးမှူးအပေါ် ဝေဖန်မှုတွေ ဆက်ရှိနေမယ်”လို့ ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှုးနည်းဥပဒေကို ဒီဇင်ဘာ ၂၂ က ဒုတိယအကြိမ်ပြင်ဆင်ပြီး နည်းဥပဒေကို ထုတ်ပြန်ခဲ့တာပါ။ အခုအုပ်ချုပ်ရေးမှူး ဆောင်ပုဒ်က your right- yuor choice “သင့်အခွင့်အရေး သင်ရွေးချယ်ပေး” ဖြစ်ပါတယ်။

မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်ဦးက "အခုလို ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေကို အကုန်လုံးပြန်လည် ရွေးချယ်ကြတဲ့အခါ အောက်ခြေအဆင့် ကျေးရွာ အုပ်ချုပ်ရေး ဒီမိုကရေစီနည်းကျ တိုးတက်ဖို့ဆိုရင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ပတ်သက်လို့ ပြည်သူအများစုသေချာသိရှိနိုင်ဖို့လိုသလို ရွေးချယ်မှုမှာလည်း ရပ်ကျေး ရွေးချယ်မှုအဆင့်ဆင့်ကို ပြည်သူတွေ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း သိရှိဖို့လိုတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရပ်ဖက်အစိုးရအသွင်ကူးပြောင်းမှုလုပ်ပြီးတဲ့နောက် ဖွဲ့စည်းပုံအရ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒအလိုကျ ရွေးချယ်နိုင်ဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေတရပ်ကို ၂၀၁၂ ဖေဖော်ဝါရီလ အတွင်းက ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013