DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အထူးအရေးပေါ်အစည်းအဝေးခေါ်ယူရန် ကြံ့ခိုင်ရေးနှင့်မိတ်ဖက်အဖွဲ့များ စာတင်မည်
DVB
·
January 10, 2021
လွှတ်တော်အထူးအရေးပေါ်အစည်းအဝေးခေါ်ယူရန် ကြံ့ခိုင်ရေးနှင့်မိတ်ဖက်အဖွဲ့များ စာတင်မည်
Donate to DVB

ပြည်ထောင်စုလွှတ်တော် အထူးအရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူပေးဖို့ ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့က ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်နာယကဆီကို အခုရက်ပိုင်းအတွင်း စာတင်တောင်းဆိုသွားမယ်လို့ သိရပါတယ်။


ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးတွေကို ရွေးကောက်ပွဲမတိုင်ခင် တစ်လလောက်ကတည်းက ရပ်နားခဲ့တာဖြစ်ပြီး လွှတ်တော်အသီးသီးရဲ့ ထုတ်ပြန်ကြေညာချက်တွေအရတော့ ဆက်လက်ကျင်းပဖို့ မရှိတော့ဘဲ တတိယအကြိမ်လွှတ်တော် အစည်းအဝေးတွေကိုသာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ စတင်ကျင်းပသွားတော့မှာပါ။ 


ကြံ့ခိုင်ရေးပါတီနဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေကတော့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ လုပ်ငန်းစဥ်တွေ ပြီးစီးခြင်း မရှိသေးတဲ့အတွက် အထူးအရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူပေးဖို့ လက်မှတ်ထိုးတောင်းဆိုသွားမယ်လို့ ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ 


“ဒီဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာရှိနေတဲ့ ကိုယ်စားလှယ်တွေသည် သူတို့ကို ကိုယ်စားပြုထားတဲ့ ဒေသခံ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကို ဆုံးရှုံးတယ်လို့ ကျနော်တို့မြင်တယ်။ အဲ့ဒီအတွက် ကျနော်တို့ အထူးအစည်းအဝေးခေါ်ပေးဖို့ နိုင်ငံတော်သမ္မတကို တင်ပြထားတာရှိပါတယ်” လို့ ပြောပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ အရလည်း လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းက လက်မှတ်ထိုးတောင်းဆိုပါက ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကို ခေါ်ယူပေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 


အထူးအရေးပေါ် အစည်းအဝေးခေါ်ပေမယ့်လည်း လက်ရှိ ဒုတိယအကြိမ်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ အများဆုံးရှိနေတဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်ခြင်းမရှိပါက လွှတ်တော်အစည်းအဝေး အထမမြောက်နိုင်တဲ့ အခြေအနေကလည်း ရှိနေပါတယ်။


ဒါနဲ့ပတ်သက်ပြီး ဒေါက်တာနန္ဒာလှမြင့်က “ဖွဲ့စည်းပုံဥပဒေရဲ့ ပုဒ်မ ၈၄ အရ လွှတ်တော်ခေါ်ဖို့ တောင်းဆိုတာပါ။ ကျနော်ပြောတာ လွှတ်တော်ခေါ်ဖို့ အခွင့်အရေးအရ တောင်းဆိုတာဖြစ်ပြီး ကျန်တာ အဲ့ဒီအခင်းအကျင်းပေါ်မူတည်ပြီး စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ် ” လို့ ပြောပါတယ်။


ကြံ့ခိုင်ရေးပါတီအနေနဲ့ အထူးအစည်းအဝေး ခေါ်ယူဖြစ်ခဲ့ပါက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မတရားမှုတွေကို ဖြေရှင်းပေးဖို့ အရေးကြီးအဆိုတွေ တင်သွင်းသွားမယ်လို့လည်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013