
ချင်းမိုင် အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ခရိုင် ၃ ခုကို လေထုညစ်ညမ်းမှု သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက်ပြီး ဘန်ကောက် အပါအဝင် တခြားခရိုင် ၅၈ ခုမှာလည်း PM2.5 အမှုန်အမွှားတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆင့်အထိ မြင့်တက်နေပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ လန်ဖွန်နဲ့ ဖရဲ့ ခရိုင် ၃ ခု တို့ကို လေထုအရည်အသွေး အန္တရာယ်ရှိ ရက်ပေါင်းများစွာ ရောက်ရှိနေတာကြောင့် အရေးပေါ်ဘေးအန္တရာယ်ကျရောက်တဲ့ ဇုန်တွေအဖြစ် သတ်မှတ်လိုက်တာလို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။
ဒီကြေညာချက်ကို ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် အန်ဆစ် ဆမ်ပန်သာရတ်က စနေနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြောက်ပိုင်းခရိုင် ၁၇ ခုမှာ ဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှု၊ မီးခိုးမြူနဲ့ အမှုန်အမွှားညစ်ညမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အခြေအနေကို ပြောကြားရင်း ထည့်သွင်းကြေညာခဲ့တာပါ။
လေထုညစ်ညမ်းမှုကို ခြေရာခံတဲ့ ဆွစ်ဇာလန်အခြေစိုက် iQAir ရဲ့ အချက်အလက်တွေအရ ချင်းမိုင်မြို့ဟာ စနေနေ့မှာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ၅ ရက်ဆက်တိုက် ရှိနေခဲ့တာ ဖြစ်ပြီး ဒီနေ့ ဧပြီ ၆ ရက် နေ့လယ်မှာတော့ ကမ္ဘာ့ တတိယလေထုညစ်ညမ်းဆုံးမြို့အဖြစ် ရပ်တည်နေပါတယ်။
အမြဲတမ်းအတွင်းဝန် အန်ဆစ် ဆမ်ပန်သာရတ်က ဒီကြေညာချက်ဟာ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ အရေးပေါ်ရန်ပုံငွေတွေအပြင် တခြားဘတ်ဂျက်တွေကိုပါ စီမံခန့်ခွဲသုံးစွဲခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လက်ရှိအခြေအနေကို တစုတစည်းတည်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပြီး အသက်နဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးမှုတွေအတွက် လျော်ကြေးပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။
ဧပြီ ၅ ရက် နေ့ညနေ ၃ နာရီက ထုတ်ပြန်ချက်အရ ဘန်ကောက်မြို့တော်နဲ့ တခြားခရိုင် ၅၈ ခုမှာ PM2.5 လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေဟာ အန္တရာယ်ရှိတဲ့ အဆင့်အထိ လွှမ်းခြုံနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ခရိုင် ၁၀ ခုမှာတော့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အနီရောင်အဆင့်အထိ ရောက်ရှိနေပါတယ်။
Source: Bangkok Post










