DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၂၅ မြို့နယ်အတွက် တပ်မတော်က မဲစာရင်းထပ်မံစစ်ဆေး ထုတ်ပြန် 
DVB
·
January 6, 2021
မြို့နယ် ၂၅ မြို့နယ်အတွက် တပ်မတော်က မဲစာရင်းထပ်မံစစ်ဆေး ထုတ်ပြန် 
Donate to DVB

တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်ထဲက မြို့နယ် ၂၅ ခုမှာ ထပ်နေတဲ့ မဲစာရင်းတွေနဲ့ မဲမသမာမှု ဖြစ်စေနိုင်တယ်ဆိုတဲ့ မဲစာရင်းတွေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၅ ရက် ညပိုင်းမှာ ထပ်မံပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။

၉ ကြိမ်မြောက်အနေနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်ထဲမှာတော့ မောက်မယ်၊ လဲချား၊ ဖရူဆို၊ မယ်စဲ့၊ ရှားတော၊ သာပေါင်း၊ ဓနုဖြူ၊ ညောင်တုန်း၊ ညောင်ဉီး၊ မတ္တရာ၊ ကျောက်ဆည်၊ ဘီးလင်း၊ ကျိုက်ထို၊ စစ်တွေ၊ ဂွ၊ လားရှိုး၊ ဟိုပန်၊ ကျောက်မဲ၊ နမ္မတူ၊ မိုး ကောင်း၊ မိုင်းတုံ၊ မံစီ၊ ပူတာအို၊ မှော်ဘီနဲ့ ရန်ကင်းမြို့နယ်တွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းနဲ့ တပ်မတော်က စိစစ်တဲ့ ဆန္ဒမဲပေးခွင့် ရှိသူစာရင်း(ပုံစံ-၁) တို့ကို ယှဉ်တွဲဖော်ပြထားခဲ့ကာ စိစစ်တွေ့ရှိချက်အနေနဲ့ မဲမသမာ မှုပြုနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက်နဲ့ မဲမသမာမှုဖြစ်နိုင်တယ်ဆိုတဲ့ မဲစာရင်း အရေအတွက်စုစုပေါင်း ၅၂၈,၆၀၈ ခု တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်မတော်သားတွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ်တွေနဲ့စပ်လျဉ်းပြီး မဲစာရင်း စိစစ်မှုတွေကို ပြုလုပ်ခဲ့ရာမှာ စိစစ်ပြီးတဲ့ မြို့နယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ၈ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်တွေဟာ သာမန်အားဖြင့် မသိနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းတွေနဲ့ အထောက်အထားနဲ့ တိုက်ဆိုင်စိစစ်ဖို့ လိုအပ်တဲ့ မဲစာရင်းတွေဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ကာ ရရှိတဲ့ မဲစာရင်းတွေကို အခြေခံပြီး စိစစ်တွေ့ရှိချက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့တာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တပ်မတော်က စစ်ဆေးနေတဲ့ မဲစာရင်းတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ နောက်ဆုံးမဲစာရင်းကို အခြေခံထားတာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ စုစုပေါင်း ၈၇ ခုတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က နိုဝင်ဘာ ၁၃ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြန်လည်စိစစ်ဖို့ တပ်မတော်က တောင်းဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိ စေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ်ထိန်းကျောင်းပေးသင့်တယ်လို့လည်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တပ်မတော်အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် ဥပဒေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကို ပြန်လည်စိစစ်သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ ကြိုတင်မဲပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွေတုန်းကလည်း မဲစာရင်းမှန်ကန်ဖို့ ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောခဲ့ပေမဲ့ တပ်မတော်အနေနဲ့ ခုလိုစိစစ်တာမျိုး မရှိခဲ့ပါဘူး။

တပ်မတော်က မဲစာရင်းတွေ ထပ်နေတယ်၊ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေတွေ့ ရတယ်လို့ ဝေဖန်နေသလို ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲတိုင်ကြားမှု အမှု ၇၀ ကျော်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို တင်သွင်းတိုင်ကြားထားပါ တယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ကော်မရှင်မှာ အားနည်းချက်တချို့ ရှိခဲ့တာမှန်ပေမယ့် နေရာတိုင်းမှာ မသမာမှုဖြစ်ခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013